ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်

 

လက်ရှိတွင် ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်း‌သို့ ရောက်ရှိ နေသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” ၏ လက်ကျန် လေဖိအားနည်းရပ်ဝန်းသည် စက်တင်ဘာ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံအရှ့ပိုင်းသို့ စတင် ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း ဘူအလွိုင်မှ ပြတ်ထွက်လာသောတိမ်တိုက်များကြောင့် စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၁ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်း နေရာကွက်၍ မိုးကြီးမည် ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်သော တိုက်ဖွန်း ဘူအလွိုင်သည် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော် ပြီးနောက် လက်ရှိတွင်ဗီယက်နမ်နိုင်ငံကုန်တွင်းပိုင်းသို့ရောက်ရှိနေကာ ယနေ့ ညနေပိုင်းတွင် လာအိုနိုင်ငံ ကုန်းတွင်းပိုင်း ရောက်ရှိမည်ဖြစ်‌၍ ယင်းမှဆက်လက်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်းသို့ ရောက်ရှိမည် ဖြစ်ကြောင်း မိုး/ဇလ ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းမှ အောက်တိုဘာ ၁ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတနင်္သာရီတိုင်းနှင့် ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးမည်ဖြစ်သည်အပြင် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း မိုး/ဇလ က ဆိုသည်။

 

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ က အသိပေးထားသည်။

 

နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်အရ ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်း ဘူအလွိုင် ကြောင့် လူ ၂၆ ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးခဲ့သည်။

ဓာတ်ပုံ – မိုး/ဇလ