ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်

အပူပိုင်းမုတ်သုံမုန်တိုင်း ‘ဘွာလွိုင်’ တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူ ၂၆ ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လူပေါင်း ၂၈၀၀၀၀ နီးပါးဟာ ဆိုင်ကလုံးမုန်တိုင်းတွေကြောင့်ဖြစ်ပွားတဲ့ မိုးသည်းထန်မှု၊ ရေကြီးမှု နဲ့ မြေပြိုမှုဘေးသင့်ခဲ့ကြောင်း အမျိုးသား ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ပြော ပါတယ်။

လူပေါင်း ၁၆၀၀၀၀ ကျော်ဟာ လက်ရှိ ယာယီ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေပြီး ၁၂၀၀၀၀ နီးပါးက အကူအညီတွေ ရရှိနေတယ်လို့ အဆိုပါကောင်စီက ပြောပါတယ်။

မိုးသည်းထန်မှု၊ လေပြင်းတိုက်ခတ်မှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် စုစုပေါင်း နေအိမ် ၉၀၀၀ နီး ပါး ပျက်စီးခဲ့ပါတယ်။

ဖိလစ်ပိုင်အစိုးရက အစိုးရဌာနတွေမှတစ်ဆင့် မုန်တိုင်းသင့်မိသားစု ၁၅၀၀၀၀ နီးပါးသို့ ငွေကြေး အကူအညီ ထောက်ပံ့ပေးခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်မှာ လူ ၂၀ ကျော် သေဆုံးစေခဲ့တဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုင်ဖွန်းမုန်တိုင်း ‘ရာဂါဆာ’ ဝင်ရောက်တိုက်ခတ်ပြီးနောက် အခုလို ‘ဘွာလွိုင်’ တိုက်ခတ်လာတာပါ။

တရုတ်နိုင်ငံတောင်ပိုင်းသို့ တိုင်ဖွန်းမုန်တိုင်း ‘ဘွာလွိုင်’ ဝင်ရောက်လာမှုကြောင့် ဟိုင်နန်ပြည်နယ် ရှိ ပြည်သူတွေကို အမြင့်ဆုံးအဆင့် သတိပေးထားတယ်လို့ သိရပါတယ်။

ဟိုင်နန်ကျွန်းပေါ်ရှိ ဆန်ညာလေဆိပ်မှာ လေကြောင်းခရီးစဉ်အားလုံး ရပ်ဆိုင်ထားပြီး ဒေသခံ ၃၆၀၀၀ ကျော်ကို နေရပ်ရွှေ့ပြောင်းပေးကာ စာသင်ကျောင်းတွေကို ပိတ်ထားပါတယ်။

တိုင်ဖွန်းမုန်တိုင်း ‘ဘွာလွိုင်’ဟာ တစ်နာရီကို ၃၀ ကီလိုမီတာနှုန်းနဲ့ အနောက်မြောက်ဘက်သို့ တိုက်ခတ်နေပြီး ဟိုင်နန်ကမ်းလွန်ကို ဖြတ်ကျော်ကာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းသို့ တိုက်ခတ်မယ်လို့ ခန့်မှန်းရပါတယ်။

ကိုးကား – Anadolu
Ref; At least 26 killed in Philippines due to Tropical Storm Bualoi