ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၂၈ ရက်)

အစပ်အရသာက စွဲမက်စရာလား။ အစပ်စားရတာကြိုက်ပါသလား။ အစပ်ဆိုတာ အရသာအတွက် သာမက ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများစွာရှိနေပါတယ်။ အစပ်ပါသည့် အစားအသောက် တွေမှာ ပါဝင်တဲ့ ကက်ပ်ဆအစင် (Capsaicin) ဒြပ်ပေါင်းဟာ ကျန်းမာရေးနှင့်ညီညွတ်တဲ့ ခန္ဓာကိုယ် အလေးချိန်ရရှိဖို့၊ နှလုံးကျန်းမာရေးကောင်းမွန်ဖို့၊ ကိုယ်ခံအားတိုးမြင့်နိုင်ဖို့၊ အစာအိမ်နဲ့အူလမ်းကြောင်း လှုပ်ရှားတိုးတက်ကောင်းမွန်ဖို့ စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

🟥Capsaicin နှင့် နိုဘယ်လ်ဆု

Capsaicin ဓာတ်ရဲ့ အရေပြားပေါ်မှာရှိတဲ့ နာကျင်ခြင်းအာရုံခံအင်္ဂါအစိတ်အပိုင်း တို့ရဲ့ဆက်နွယ်မှု ကိုစူးစမ်းရှာဖွေခဲ့တဲ့ သိပ္ပံနည်းကျ တွေ့ရှိချက်များကို နိုဘယ်လ်ဆုနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဒေးဗစ် ဂျူးလီယပ်စ် (David Julius) နဲ့ အာဒမ် ပါတာပိုးရှန်း ( Ardem Patapoutian) ပညာရှင် နှစ်ဦးဟာ ဇီဝကမ္မ နှင့် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆု ကို ထိုက် ထိုက်တန်တန်ရရှိခဲ့ပါတယ်။

🟥အစပ်၏အဓိက ကျန်းမာရေး ကောင်းကျိုးများ

Capsaicin အစပ်ဓာတ်ရဲ့ ကျန်းမာရေး ကောင်းကျိုးများတွေကတော့ ဇီဝဖြစ်စဉ်ကိုမြှင့်တင်ပေးခြင်း (increase Metabolism)၊ အစာစားချင်စိတ်ကိုလျှော့ချပေးနိုင်ခြင်း (reduce appetite)၊ ကိုက်ခဲ ယောင်ရမ်းနာကျင်ခြင်းများကိုလျော့နည်းစေခြင်း (reduce inflammation)၊ အိုမင်းရင့်ရော်ခြင်းနဲ့ ဓာတ်တိုးခြင်းကိုကာကွယ်ပေးခြင်း (anti-aging and antioxidant) တို့ဖြစ်ကြပါတယ်။

အစပ်စား၍ ဇီဝဖြစ်စဉ်နှုန်းမြှင့်တင်ခြင်းနှင့်အတူ ခန္ဓာကိုယ်အပူချိန်ကိုခဏတာ ယာယီမြင့်တက် လာကြပြီး စွမ်းအင်နှင့် ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။ အစပ်စားတဲ့အခါ စောလျင်စွာ ဗိုက်ပြည့်သလိုခံစားရတတ်ပါတယ်။ အစာအာဟာရပမာဏများများမစားမိတော့ဘဲ ကိုယ်အလေးချိန် ထိန်းညှိရာတွင်လည်း အစပ်စားခြင်းက အထောက်အကူ ဖြစ်ပါတယ်။

အစပ်ကို ပုံမှန်စားသုံးသူများ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေ နည်းပါးကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။ Capsaicin သည် သွေးကြောများရှိတင်းအားကိုလျော့စေလျက် သွေးဖိအားကို (သွေးတိုးကျစေခြင်း) ကျစေနိုင်ပြီး မကောင်းတဲ့ သွေးတွင်းအဆီဓာတ် ကိုလက်စထရော (LDL) ကိုပါ လျှော့ချပေးနိုင်ပါတယ်ဟု ဆေးပညာသုသေသနာစာတမ်းများကဖော်ပြနေပါတယ်။

Capsaicin သည် နာကျင်မှု ခံစားရသည့် အာရုံကြောများကို ထုံကျဉ်စေသောအာနိသင်ရှိပါတယ်။ ဆီးချိုရောဂါကြောင့် ဖြစ်သော အာရုံကြောနာကျင်ခြင်း (Diabetic Neuropathy)၊ ခါးနာခြင်း (Back Pain) နှင့် အဆစ်အမြစ်ရောင်ရမ်းခြင်း (Arthritis) ကဲ့သို့သော နာတာရှည်နာကျင်မှုများကို ကုသရာတွင် လိမ်းဆေး၊ ဆေးပလာစတာ (Patch) ပုံစံ အမျိုးမျိုးဖြင့် အသုံးပြုကြပါတယ်။

ကာလကြာရှည်နာကျင်‌နေခြင်းကို Capsaicin ဆေးပလာစတာများ သုံးပြီး သက်သာအောင် ကုသ နိုင်ပါတယ်။ဦးနှောက်သို့ နာကျင်မှု အချက်ပြပေးပို့တဲ့ဓါတ် (Substance P) ကို အစပ်ဓါတ် Capsaicin ကလျှော့ချပေးနိုင်သောကြောင့် နာကျင်မှု ကိုလည်း သက်သာ‌စေပါတယ်။ အဆစ်အမြစ် နာကျင်ကိုက်ခဲသက်သာစေတဲ့ လိမ်းဆေးများ ထည့်သွင်းဖော်စပ် အသုံးပြုကြပါတယ်။ ရောင်ရမ်းခြင်း ကိုလည်းလျော့ကျစေပါတယ်။

ရေယုန်၊ ဆင်ရေယုန် ကြောင့်ဖြစ်ရတဲ့အာရုံကြောနာကျင်မှု ၊ ခုခံအားကျကူးစက်ကာလသားရောဂါ HIVကြောင့်ဖြစ်ရတဲ့အာရုံကြောနာကျင်မှု၊ ဆီးချိုသွေးချိုကြောင့် အာရုံကြောနာကျင်မှု တွေအတွက်ပါ Capsaicin ကို ဆေးဝါးတစ်ခုအသွင် ကုသရာမှာအသုံးပြုနေပြီဖြစ်ပါတယ်။

ငရုတ်သီး၊ ငရုပ်ပွတွေမှာ ဗီတာမင် A နှင့် C ကဲ့သို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) ကြွယ်ဝပါတယ်။ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ရောဂါများကို တိုက်ထုတ်ရာတွင် ကူညီပေးပြန်ပါသေးတယ်။

Capsaicin အစပ်ဓာတ်ဟာ ပျော်ရွှင်ခြင်းဟော်မုန်း (endorphins)တွေထွက်လာအောင် လှုံ့ဆော်ပေး ပါတယ်။ အစပ်စားပြီးချွေးထွက်လာပါက ခန္ဓာကိုယ်ပေါ့ပါးသွားသလို၊ စိတ်တည်ငြိမ် နာကျင်ခြင်းများ လျော့နည်းသွားကာ ပျော်ရွှင်လာသလို ခံစားရနိုင်ပါတယ်။ အစပ်ကို နှစ်ခြိုက်စားသုံးသူများရဲ့ အစာအိမ်နဲ့အူလမ်းကြောင်း အကျိုးပြုဘတ်တီးရီးယားတွေရဲ့ ကျန်းမာတဲ့သံသရာစက်ဝန်းကို ရရှိထား ကြောင်း လေ့လာတွေ့ရှိချက်တွေအရ ကောက်ချက်ချထားကြပါတယ်။

🟥အစပ်ကို အန္တရာယ်ကင်းကင်း စားသုံးနည်း

အန္တရာယ်ကင်းတဲ့ နည်းလမ်းလေးတွေကို လိုက်နာပြီး အစပ်အရသာကို စားသုံးလို့ရပါတယ်။ အစပ် ပမာဏနည်းနည်းကို စတင်စားသုံးပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်ကဘယ်လို ပြောင်းလဲတယ်ဆိုတာကို သတိထား ကြည့်ရှုပါ။ မျက်နှာနဲ့ခေါင်းချွေးထွက်လာခြင်း၊ စားသောက်စဉ် ပါးစပ်နဲ့ခံတွင်းတစ်ခုလုံး ပူထူလာခြင်း စသဖြင့် ကိုယ်လက်မခံနိုင်တဲ့ ပမာဏအထိ များပြားတဲ့အစပ်ပမာဏအထိ မရောက်အောင် ကျင့်ယူ စားသောက်ရပါမယ်။

အကယ်၍ ခန္ဓာကိုယ်ကနာကျင်ခြင်း ခံစားရပြီဆိုပါက အစပ်စားခြင်းကို ရပ်တန့်လိုက်ပါ။ သတိကပ်ပြီး အစက်ပမာဏထိန်းညှိ စားသောက်ခြင်းဖြင့် တဖြည်းဖြည်း ပို၍ပို၍စပ်တဲ့ ပမာဏကိုစားနိုင်လာပါ လိမ့်မယ်။

ငရုတ်သီးစပ်သည့်အခါ ရေသောက်ခြင်းက ပူစပ်ခြင်းကို မကာကွယ်ပေးနိုင်ပါ။ Capsaicin က အရက်မှာပျော်ဝင်တာကြောင့် အရက်ကို အစပ်နှင့် မြည်းကြသူများလည်း ရှိပါတယ်။ လိုအပ်ချက်အရ ငရုပ်သီးစားရတယ်။ ငရုတ်သီးစပ်လို့ အရက် သောက်ရတယ် ဆိုတာမျိုးကတော့ မလုပ်ဆောင် သင့်ကြောင်း အသိပေးထားပါရစေ။

ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပေးချင်တာကတော့ ငရုတ်သီးစပ်နေလျှင် နို့အေးတစ်ခွက် သောက်ပြီး အစပ်ပြေစေနိုင်ပါတယ်။ နို့မှာပါဝင်တဲ့ ကေစိန်းဓာတ်က (caseins) အစပ်ကိုဖယ်ရှား ပေးနိုင်ပါတယ်။

အစပ်စားချင်လာတဲ့အခါ ငရုပ်သီး၊ ငရုပ်ပွ၊ ငရုတ်သီးခြောက်၊ ငရုတ်သီးမှုန့် စသဖြင့် သန့်ရှင်း လတ်ဆတ်ခြင်း ရှိ/မရှိ ကို စနစ်တကျရွေးချယ်စားသောက်ပါ။ အစပ်စားတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာပြဿနာတွေ နာကျင်ခြင်းဆိုင်ရာပြဿနာတွေကြုံရရင် ဆရာဝန် ၊ အာဟာရဆရာဝန်တို့ကို တိုင်ပင်ဖွင့်ပြောဆွေးနွေးပါ။

🟥အစပ်အရသာ၏ ကျန်းမာရေးဆိုးကျိုးများနှင့် သတိပြုရန်များ

အစပ်စားခြင်းသည် ကောင်းကျိုးများစွာရှိသော်လည်း အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ပြဿနာ ရှိသူများအတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။ အစပ်ပမာဏများများစားမိလျှင်ဖြစ်စေ အလွန် အမင်းပြင်းပြင်းထန်ထန်စပ်လွန်းသော အစာများကိုစားမိလျှင်ဖြစ်စေ အစာခြေရခက်ခဲသည့် ပြဿနာ တွေကို ချက်ချင်းခံစားရနိုင်ပါတယ်။ ရင်ပူခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဝမ်းသွားခြင်း စတဲ့ကျန်းမာရေး ပြဿနာတွေကိုလည်း ကြုံတွေ့ရတတ်ပါတယ်။

အစပ်လွန်ကဲစွာ စားသုံးခြင်းကြောင့် ပါးစပ်၊ အစာရေမြိုပြွန်နှင့် အစာအိမ်တို့တွင် ပူလောင်ခြင်း၊ ရင်ပူခြင်းတို့ကို ဖြစ်စေနိုင်သည်။ ထို့အပြင် ဝမ်းဗိုက်နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း စသည့် အစာခြေလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ဖြစ်စေနိုင်သည်။ရင်ပြည့်ရင်ကယ် အစာချဉ်ပြန် နှင့် အစာအိမ်လေချဉ်တက်ခြင်း (Acid Reflux) တို့က ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာတွေပဲဖြစ်ပါတယ်။ အစပ်သည် အစာအိမ်မှ အက်ဆစ်များ အစာပြွန်သို့ ပြန်တက်၍ဖြစ်ရသော ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။ လေချဉ်တက် အစာချဥ်ပြန်သည့်ရောဂါ (GERD) ရှိသူများသည် ငရုတ်သီး-အစပ်အရသာကို သတိထားရှောင်သင့်ပါတယ်။

Irritable Bowel Syndrome (IBS) ၊ Inflammatory Bowel Disease (IBD) ကဲ့သို့သော အူမကြီး ရောင်ရမ်းနာတာရှည် ရောဂါလက္ခဏာများ သိသိသာသာ ပိုမိုဆိုးရွားလာခြင်းဟာ ငရုတ်သီးအစပ်ကို စားမိ၍လည်း ဖြစ်တတ်ပါတယ်။

အစပ်အလွန်ပြင်းထန်တဲ့ ငရုတ်သီးများကို များပြားစွာစားသုံးခြင်းက ခန္ဓာကိုယ်ကို အလွန်အမင်း တုံ့ပြန်စေနိုင်ပြီး အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် အရေးပေါ် ကုသမှုခံယူရသည်အထိ ဖြစ်ပေါ်စေနိုင်သည်။

Capsaicin ပမာဏလွန်လွန်ကြူးကြူး စားသုံးခြင်းကြောင့် တစ်ခါတစ်ရံမှာ နှလုံးသွေးငတ်ခြင်း ပြဿနာကိုလည်း ခံစားရတတ်ကြောင်း ဆေးပညာတွေ့ရှိချက်တစ်ခုကဖော်ပြထားပါတယ်။

ကလေးငယ်များတွင် အစပ်စားခြင်းကြောင့်ကြုံရတဲ့ ပြဿနာအများစုကတော့ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်း၊ မျက်လုံးနှင့်အစပ်ထိမိခြင်းကြောင့် မျက်ရည်ပူကျခြင်း၊ မျက်လုံးစပ်ခြင်း၊ မျက်ခမ်းစပ်နီရဲရောင်ရမ်းခြင်းတို့ပဲဖြစ်ပါတယ်။

🟥ငရုပ်သီးနှင့်ယှဉ်တွဲနေသောအဆိပ်

ငရုတ်သီးမှာ ခန္ဓာကိုယ်တွက်အကျိုးပြုနေတဲ့ Capsaicin ပါဝင်နေသလိုမျိုး တစ်ခါတလေ ငရုပ်သီးတွေမှိုတက်ခြင်းကြောင့် ( aflatoxins )အက်ဖလာတောက်ဆင် လို့ခေါ်တဲ့ အဆိပ်အတောက်လည်း ပါဝင်တတ်ပါတယ်။ ငရုတ်သီးမှိုက ခန္ဓာကိုယ်အဆိပ်သင့်စေပြီး ကင်ဆာရောဂါတွေကိုဖြစ်စေပါတယ်။ ဒါကြောင့်မှိုတတ်နေတဲ့ ငရုပ်သီးတွေကိုစားသောက်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်သင့်ပါဘူး။။

အစပ်အရသာသည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးနိုင်သော်လည်း သင့်တင့်မျှတစွာ စားသုံးရန် အရေးကြီးပါတယ်။ အထူးသဖြင့် အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ သနာတာရှည် ကျန်းမာရေးပြဿနာများရှိသူများအနေဖြင့် မိမိ၏ ခံနိုင်ရည်ပမာဏကို သိရှိပြီး ဆရာဝန်၊အာဟာရပညာရှင်တို့နှင့် တိုင်ပင်ဆွေးနွေးကာ သင့်တော်သည့် ပမာဏကိုသာ စားသုံးသင့်ပါတယ်။

နောက်တစ်ပတ်မှာတော့ ဆရာဝန်များနှင့် ကျင့်ဝတ်ဆောင်ထိန်းခြင်း ဆောင်းပါးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်မ်း စာဖတ်ပရိသတ်များလည်း ကျန်းမာရွှင်လန်း ပျော်ရွှင်နိုင်ကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အစပ်စားခြင်းလျှို့ဝှက်ချက် #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times