‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂၈ရက်

‎စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီက ထိုးစစ်ဆင်အသာစီးယူတိုက်ခိုက်လာနိုင်သည့်အတွက် စစ်အရာရှိအချို့ကို စစ်ခေါင်းဆောင်က ရာထူးတိုးပေးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ‎ခံစစ်အနေအထားနှင့် တိုက်ခိုက်နေရပြီး ထိုးစစ်ဆင်လာပါကလည်း KIA ၏ တန်ပြန်ထိုးစစ်ကြောင့် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အတွင်းသို့ တပ်ဆုတ်ပြန်နေရသော်လည်း ယခုရက်ပိုင်းအတွင်း စစ်ရေးဗျူဟာပြောင်းလဲပြီး ထိုးစစ်ဆင်လာနိုင်သည့်အတွက် စစ်အရာရှိ နှစ်ဦးကို ရာထူးတိုးပေးကြောင်း သိရသည်။

စစ်ကော်မရှင်သည် ‎စကခ ၂၁ မှူးနှင့် တပ်မ ၈၈ တပ်မမှူးတို့ကို ရာထူးတိုးပေးပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၃ရက်နေ့က စကခ ၂၁ မှနေ၍ လေယာဉ်ဖြင့်ခေါ်ထုတ်သွားကြောင်း သိရသည်။

‎”ရာထူးတိုးပေးလိုက်တဲ့ စကခ-၂၁ မှူးတင်မင်းလတ်နဲ့ ၈၈တပ်မမှူး ကျော်နိုင်တို့ကို တပ်ချုပ်က ခေါ်တွေ့တာလို့ သိရပါတယ်။ ဗန်းမော်အသာစီးရလို့ ရာထူးတိုးပေးတယ်လို့ ဝါဒဖြန့် သတင်းလွှင့်နေပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ဗန်းမော်တိုက်ပွဲအခြေအနေမှာ ပြင်းထန်လာပြီး စစ်ကော်မရှင်သည် KIA တပ်များရှိနေသေးသည့် လေယာဉ်ကွင်းတစ်ဖက်ခြမ်းကိုပါ ထိုးစစ်ဆင်လာကြောင်း သိရသည်။

‎ထို့အပြင် စက်တင်ဘာ ၂၆ရက်နေ့က လေကြောင်း ပစ်ကူများဖြင့် မနောကွင်းဘက်အထိ စစ်ကြောင်းတက်လာကြောင်း ဗန်းမော်သတင်းရင်းမြစ်များထံမှ သိရသည်။

‎စစ်ကော်မရှင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက် နေ့လယ် ၁၂နာရီဝန်းကျင်တွင် လေကြောင်းမှ ငါးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းအထိ ဒရုန်းဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့်ပါပစ်ခတ်၍ ပစ်ကူပေးခဲ့သည်။

‎ဗန်းမော်တိုက်ပွဲကို ယမန်နှစ် ဒီဇင်ဘာတွင် စတင်ခဲ့ပြီး စစ်ကော်မရှင်၏ တပ်ရင်း၊ တပ်ဌာနများကို KIAက သိမ်းယူထားနိုင်ခဲ့ပြီး စစ်ရေးအရ အသာစီးယူနိုင်ခဲ့သည်။

သို့သော်လည်း စစ်ကော်မရှင်သည် ပြီး‎ခဲ့သည့် ဩဂုတ်လက ရောက်ရှိလာသည့်စစ်သင်္ဘောများမှ လက်နက်အင်အား၊ လူအင်အားဖြည့်တင်းပြီးနောက် KIA သည် တင့်ကားတပ်ရင်းအပါအဝင် တပ်ရင်း သုံးခုခန့်နှင့် ဗန်းမော်လေယာဉ်ကွင်းတစ်စိတ်တစ်ပိုင်းတို့ကို လက်လွှတ်ခဲ့ရသည်။

ပုံစာ-စစ်ကော်မရှင်က ပြန်လည်သိမ်းယူထားသည် ဗန်းမော်အခြေစိုက် အမတ-၃၆၆။