‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂၈ ရက်

‎ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအနီး စစ်ကော်မရှင်ပူးပေါင်းတပ်နှင့် KIAတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

‎လမြန်ရွာအနီး စစ်ကော်မရှင်၏ ရှေ့တန်းစခန်းတွင် ခမရ ၃၁၈ ၏ တပ်ရင်းမှူးဖြစ်သူကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းတွင် KIAက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံပို့ဆောင်စဉ် လမ်း၌သေဆုံးသွားကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရသည်။

‎”ရှေ့တန်းစခန်းကို တပ်ရင်းမှူးက စစ်ဆေးနေချိန် ပစ်ခတ်ခံရတယ်။ ဆေးရုံပို့တဲ့လမ်းမှာတင် အသက်မရှိတော့ဘူး။ မမှီလိုက်ဘူး။ သေတယ်။ အဲဒီလို သတင်းထွက်လာပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ပြီးခဲ့သည့် စက်တင်ဘာ ၂ ၂ ရက်နေ့မှစတင်ကာ ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းအကျော်တွင် စစ်ကော်မရှင်တပ်၊ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် KIAတို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

‎ဝိုင်းမော်- ဝါးရှောင်လမ်းမကြီးအတိုင်း စစ်ကော်မရှင်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် KIAနှင့် ထိတွေ့တိုက်ပွဲများပြင်းထန်လာခြင်း ဖြစ်သည်။

‎ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်နှင့် တနိုင်းတို့တွင် တိုက်ပွဲများရှိနေပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၅ရက်နေ့က ရှင်ဗွေယန်မြို့ကို စစ်ကော်မရှင်က Y12လေယာဉ်ဖြင့် ခြောက်ကြိမ်လာရောက်ပြီး ဗုံးသီး ၂၆လုံး ကြဲချခဲ့ကြောင်း သိရသည်။