
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ရက်
ရက်အတန်ကြာ ပြင်းထန်တိုက်ပွဲ မရှိချိန်တွင် အင်အားစုဆောင်းနေသည့် စစ်ကော်မရှင်က ယခုရက်ပိုင်း စစ် ကြောင်းများခွဲကာ ကျောက်ဖြူကို ထိုးစစ်ဆင်လာကြောင်း သိရသည်။
စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၄၀၀ ခန့်သုံးကာ ထိုးစစ်ဆင်လာပြီး အာရက္ခတပ်တော် (AA) သိမ်းထားသည့် စခန်းများအနီးထိ ချဉ်းကပ်လာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“တိုက်ပွဲငြိမ်ချိန်စစ်တပ်က အင်အားတိုးချဲ့ပြီး စစ်ကြောင်းခွဲ ရှေ့တိုးလာတာတွေရှိတယ်။ AA ဘက်ကလည်း တက်လာသမျှ ပစ်တာပဲ။ စစ်တပ်ဘက်က အထိနာပြီး တိုက်ပွဲနယ် မြေလည်း ပိုကျယ်ပြန့်လာတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက်ကလည်း စစ်ကြောင်းခွဲပြီးတက်လာသည့် စစ်ကော်မရှင်တပ်နှင့် AAတို့ မင်းတက်တောင်အနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားရာနေရာများကို အင်အားတိုးချဲ့ပို့ထားပြီး လှည့်လည်စစ်ကြောင်းထိုးခြင်း၊ ကင်းပုန်းဝပ်ခြင်းများပြုလုပ်ထားသည်။
စစ်ကော်မရှင်တပ်သည် လိပ်ခမော်ဘက်မှ ဂေါ်တူကုလာဘာထိ စစ်ကြောင်းထိုးချီတက်လျက်ရှိသည့်အပြင်ပျားတဲ၊ ကပ်သပြေဘက်မှ သပြုတောင်သဖန်းခါးဘက်ထိစစ် ကြောင်းထိုးလှုပ်ရှားနေသည်။
ထို့အပြင် ဓညဝတီရေတပ်ဌာနချုပ်မှနေ၍ဦးကင်း၊ ကြံချိုင်အထိ စစ်ကြောင်းရှေ့တိုးလာပြီး နှမ်းဖဲတောင်မှစစ်ကြောင်းသည် ကန္ဒီ၊ လမ်းခွဲနားအထိ ရှေ့တိုးလာကြောင်း သိရသည်။
စစ်ကော်မရှင်က ကျောက်ဖြူတိုက်ပွဲကို အလျှင်အမြန်လက်စသတ်လိုနေပြီး ဆုံးရှုံးနယ်မြေများကို ပြန်လည်စိုးမိုးမှုရနိုင်ရန် အပြင်းအထန်ကြိုးပမ်းနေသည်။
စစ်အင်အားထောင်ချီကို မြေပြင်စစ်ကြောင်းများတွင်ဖြန့်ခွဲအသုံးပြုထားပြီး အခြေစိုက်တပ်ရင်းနှင့် ရေတပ်ဌာနချုပ်များမှ လက်နက်ကြီးပစ်ကူ၊ စစ်သင်္ဘောများ၏ လက်နက် ကြီးပစ်ကူတို့ဖြင့် တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။
နည်းပညာအားကိုးကာ ဒရုန်းတပ်ဖွဲ့များကိုလည်း စစ် ကြောင်းတိုင်းတွင်ထည့်သုံးထားပြီး တရုတ်နည်းပညာရှင်များကိုပါ ခေါ်ယူအသုံးပြုနေကြောင်းလည်း ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
AA၏ တန်ပြန်ထိုးစစ်နှင့် စနိုက်ဘာလက်ချက်ကြောင့် စစ်ကော်မရှင်ဘက်က အရာရှိအချို့အပါအဝင် သေဆုံးထိခိုက်မှုများနေပြီး ပြီးခဲ့သည့်အပတ်က ကျောက်ဖြူတိုက်ပွဲမှ သေဆုံးနှင့် ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၈၀ခန့်ကို စစ်တွေသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။