မြရာ၊ နိုရာ/ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုလည်း ကြေညာလိုက်ပါပြီ။ ခြောက်လသက်တမ်းတိုးတဲ့ လုပ်ရပ်ကိုလည်း ရပ်တန့်လိုက်ပါပြီ။ စစ်ကောင်စီ ဆိုသည့် အဖွဲ့ကိုလည်း တရားဝင်ဖျက်သိမ်းပြပြီး စစ်အရာရှိ တချို့ အရပ်ဖက်ကိုရွှေ့လိုက်ပါပြီ။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ မကြာသေးမီက နိုင်ငံရေးလှုပ်ရှားမှုများသည် ပြည်သူလူထုနှင့် နိုင်ငံရေးသုံးသပ် သူများကြားတွင် မေးခွန်းထုတ်စရာများစွာ ဖြစ်ပေါ်စေခဲ့သည်။ စစ်ခေါင်းဆောင်သည် လက်ရှိ အခြေအနေ များအောက်တွင် မည်သည့်လမ်းစဉ်ကို နင်း၍ မည်သည့်ခေါင်းစဉ်ဖြင့် နိုင်ငံကို ဆက်လက် အုပ်စီးဦးမည်နည်းဆိုသည့် မေးခွန်းမှာ အဓိက အာရုံစိုက်စရာ ဖြစ်လာနေသည်။

◼️အာဏာသိမ်းရခြင်း၏မူလအကြောင်းအရင်း

၂၀၂၁ ခုနှစ်တွင် သူကိုယ်တိုင် သမ္မတမဖြစ်နိုင်တော့ဘူးဆိုသည့် ပုဂ္ဂိုလ်ရေး အကြောင်းပြချက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းခဲ့သည့် အဓိကအကြောင်းအရင်း ဖြစ်သည်။ အရပ်သားအစိုးရလက်အောက်တွင် သမ္မတဖြစ်ရန် လမ်းပိတ်သွားသည့်အပြင် စစ်တပ်၏ အခေါင် အချုပ်ဖြစ်သော စစ်ဦးစီးချုပ်နေရာတွင်လည်း ၎င်း၏ သက်တမ်းမှာ ပြည့်နေပြီ ဖြစ်သည်။

အာဏာကို အရည်အချင်းဖြင့် ရယူခဲ့သူမဟုတ်ဘဲ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအလိုကျ နေထိုင်ပြခဲ့ခြင်းဖြင့်သာ စစ်ဦးစီးချုပ်ဖြစ်ခဲ့သူဖြစ်သောကြောင့် အာဏာကို လုံးဝလက်လွှတ်ရမည့် အရေးသည် သူ့အတွက် ခက်ခဲခဲ့ပုံရသည်။ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွင် ပြည်သူ့အားကို မလှန်နိုင်တော့သည့်နောက် ၂၀၂၁ ခုနှစ် လွှတ်တော်တက်မည့် ကိုယ်စားလှယ်များကို ဖမ်းဆီးကာ အာဏာသိမ်းပွဲကို စတင်ခဲ့သည်။

အာဏာကို ‘ခေတ္တလွှဲယူ’ သည်ဟုဆိုကာ ခြောက်လသက်တမ်းတိုးခြင်းများစွာ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည့် ၆၃ မြို့နယ်ကို ထုတ်ပြန်၍ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

◼️စစ်ဗိုလ်ချုပ်များအရပ်ဘက်သို့ရွှေ့ပြောင်းခြင်း (The Political Gambit)

လက်ရှိ နိုင်ငံရေး လှည့်ကွက်ထဲတွင် မင်းအောင်လှိုင်၏ အရေးကြီးဆုံး လှုပ်ရှားမှုမှာ စစ်ဘက်ဆိုင်ရာ အရာရှိများကို စစ်ကော်မရှင် ဖွဲ့စည်းပုံအောက်မှ အရပ်ဖက်သို့ ပို့ပစ်လိုက်ခြင်းပင် ဖြစ်သည်။

စစ်ခေါင်းဆောင်သည် စစ်တပ်ထဲတွင် အာဏာလက်လွှတ်လိုက်ရသည့် ဗိုလ်ချုပ်ကြီးဟောင်းများ၏ ဘဝကို နားလည်သောကြောင့် စစ်ဘက်နှင့် အရပ်ဘက် နှစ်ဖက်လုံးတွင် အာဏာတည်မြဲရေး ကို ကြိုးစားအားထုတ်လာသည်။

ဒုဝန်ကြီးချုပ်များဖြစ်သည့် တင်အောင်စန်းနှင့် မြထွန်းဦး၊ အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကံမြင့်သန်း အပါအဝင် စစ်ရေးချုပ်များ၊ ကစထမှူးများကအစ ရာထူးမှရပ်နားပြီး ကြံ့ခိုင်ရေးပါတီ အတွင်း ဝင်ရောက်စေကာ လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခိုင်းမည် ဖြစ်သည်။

စစ်အရာရှိ ၅၀၀ စာရင်းသည် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စစ်ရာထူးခန့်ချုပ်ရုံးတွင် စာရင်းပေါက်နေကြောင်း သတင်းများအရ သိရသည်။

ဤအခြေအနေသည် သမ္မတရာထူးကို မက်မောနေသူ စစ်ခေါင်းဆောင်အတွက် စစ်ဦးစီးချုပ်နေရာကို လုံးဝ ဖယ်မပေးရဘဲ ယုံကြည်ရသူများကို အရပ်ဘက်ရွှေ့၍ ၎င်းကိုယ်တိုင်က ကာကွယ်ရေးနှင့် အုပ်ချုပ်ရေး အပိုင်းနှစ်ခုလုံးကို ချုပ်ကိုင်ရန် ကြိုးစားအားထုတ်လာခြင်းဟု သူ့လက်အောက်ငယ်သားများကပါ ခန့်မှန်းနေကြပြီဖြစ်သည်။

◼️စစ်တပ်အတွင်းပဋိပက္ခနှင့်စစ်ရှုံးမှုများ၏သက်ရောက်မှု

ဤအခြေအနေကို ရောက်လာစေရန် ကြိုးစားရာတွင် စစ်ခေါင်းဆောင်သည် သူယုံကြည်ရသော စစ်ဗိုလ်ချုပ်အချို့ကို ရာထူးတိုး၊ လုပ်ပိုင်ခွင့်များ ပေးခဲ့ရာမှ ဗိုလ်ချုပ်များအကြား အကျင့်ပျက်ခြစားမှုနှင့် အာဏာခွဲဝေမှု ပဋိပက္ခများ ပြင်းထန်လာခဲ့သည်။

စိုးထွဋ်၊ မြတ်သက်ဦး၊ မိုးမြင့်ထွန်း၊ ရန်နောင်စိုး အစရှိသည့် စစ်ဗိုလ်ချုပ်များကို ဖမ်းဆီးပြီး ပိုင်ဆိုင်မှုများ သိမ်းယူကာ ပြစ်ဒဏ်ကြီးများ ချမှတ်ခဲ့ခြင်း၏ နောက် ကွယ်က တစ်ခုတည်းသော ပြစ်မှု မှာ အာဏာဖီဆန် ပုန်ကန်ရန် သတင်းထွက်လာခြင်းပင်ဖြစ်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် ဤသို့ ပြည်တွင်းပဋိပက္ခများ ကြီးထွားလာချိန် ၂၀၂၃ ကာလသည် ရခိုင်၊ ရှမ်းမြောက်၊ ကရင်နီနှင့် ကရင်ပြည် နယ်များ တွင် အကြီးအကျယ် စစ်ရှုံးပြီး နာလန်မထူနိုင်သည့် အခြေအနေ ဖြစ်ခဲ့သည်။ တပ်အင်အား ပြုန်းတီးပြီး ပြည်သူ၏ တော်လှန်လိုစိတ်များ ပြင်းထန်လာချိန်တွင် စစ်ခေါင်းဆောင် ထုတ်လိုက်သည့် နောက်ဆုံးရွေးချယ်မှု မှာ စစ်မှုထမ်းဥပဒေ ဖြစ်သည်။

ထိုဥပဒေအောက်တွင် စစ်တပ်လက်အောက်ခံများသည် အာဏာအလွဲသုံးစားလုပ်ကာ ပြည်သူများ အပေါ် ဖိနှိပ်သောင်းကျန်းပြီး ငွေတွင်းကြီးတစ်ခုအဖြစ် ရှာဖွေခဲ့ကြခြင်းကို ဒုစစ်ခေါင်းဆောင် စိုးဝင်းကပင် ဖွင့်ပြောလာခဲ့ရသည်။

◼️အတုအယောင်ရွေးကောက်ပွဲ

ထိုသို့ စစ်ရေးရှုံးနိမ့်မှုများနှင့် စစ်တပ်အတွင်း ပဋိပက္ခများကြားမှ ရွေးကောက်ပွဲ ကျင်းပတော့မည်ဟု စစ်ခေါင်းဆောင်က ကြေညာခဲ့သည်။ ထို့ပြင်ရွေးကောက် ပွဲနှင့်အတူ ထွက်ပေါ်လာမည့် အရပ်သား အစိုးရကို အာဏာလွှဲပေးပြီး စစ်တပ်က စစ်တပ်အလုပ်ကို လုပ်သွားမည်ဆို့သည့်စကားကိုလည်း အစည်းအဝေးတိုင်းတွင် မဖြစ်မနေ ထုတ်ပြောရမည့် မိန့်ခွန်းတစ်ခုအဖြစ် အသုံးပြုနေသည်။

ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု ဆိုသော်ငြားလည်း လူတစ်ဦးတစ်ယောက်က ထိန်းချုပ်၍ရသည့် အီလက်ထရောနစ်မဲပေးစက်များ (E-Voting) ကို အသုံးပြုမည် ဖြစ်သည်။ ထို့ပြင်၊ ရွေးကောက်ပွဲမကျင်းပမီကတည်းက ဝန်ကြီးလုပ်မည့်သူ၊ ပြည်နယ်ကိုယ်စားလှယ်ဖြစ်မည့်သူ စာရင်းက သတ်မှတ်ပြီးသားဟု ယူဆရသည်။ မဲဆွယ် စည်းရုံးရေးကာလအတွင်း ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးဖို့ ဖိအားပေးခိုင်းစေမှုများ ကိုလည်း တွေ့နေရသည်။

စစ်ရေးတင်းမာနေသော ရခိုင်ပြည်နယ်ရှိ အမ်း၊ တောင်ကုတ်၊ ဂွ စသည့် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် နေရာများနှင့် တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမှာပါ ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ခေါင်းဆောင်က ဆိုထား သည်။

ရွေးကောက်ပွဲကျင်းပမည့် နယ်မြေထုတ်ပြန်ချက်များမှာလည်း ရွေးကောက်ပွဲအပိုင်း (၁) ဟု အမည်ပေးကာ ကျင်းပမည့် လာမည့် ဒီဇင်ဘာ ၂၈ ရက် မတိုင်မီ သုံးကြိမ်တိုင် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

ဤသည်မှာ ဒီဇင်ဘာ ၂၈ ရက်သည် ဟန်ပြသက်သက်သာ ဖြစ်နေပြီး၊ အပိုင်းလိုက်ကျင်းပရန်အတွက်ပင် စစ်ခေါင်းဆောင်သည် နိုင်ငံရေးတည်ငြိမ်မှုကို ယခုထိ မထိန်းချုပ် နိုင်သေးကြောင်း ပြသနေသည်။

အာဏာသိမ်းခဲ့သည့် လေးနှစ်တာ ကာလအတွင်း တိုင်းပြည်သည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ရစရာတစ်ခုမျှ မရှိခဲ့သည်ကို အထင်းသားမြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ စစ်ရေးတင်းမာနေသည့် တိုင်းနှင့် ပြည်နယ်များရှိ ကျောင်းများကို ဗုံးကြဲတိုက်ခိုက်စေခဲ့သော စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကလေးများ သေကြေပျက်စီးနေချိန်တွင်ပင် “ပြည်သူတွေ ပညာမတတ်လို့ ဆင်းရဲမွဲတေနေတာ” ဟု ပြောဆိုခဲ့သေးသည်။

ရက်စက်သော လုပ်ရပ်များနှင့် ပြည်သူအပေါ်ထားရှိသည့် စေတနာကို သိရှိပြီးကြသည့်အတွက် စစ်ခေါင်းဆောင် ဦးဆောင်ကျင်းပပေးမည့် ရွေးကောက်ပွဲကို မည်သူကမှ အယုံအကြည် ရှိမည် မဟုတ်ပါ။

ယာယီသမ္မတရာထူးတန်းလန်း၊ စစ်ဦးစီးချုပ်ရာထူးတန်းလန်းဖြင့် နိုင်ငံကို ဖွတ်ဖွတ်ကြေအောင်စီမံပြီး တိုင်းပြည်နှင့်ပြည်သူများပေါ် စေတနာမရှိသည့် အိမ်နီးချင်းနိုင်ငံအချို့နှင့် ဆက်လက်နှစ်ပါးသွားဦးမည့် စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲဟူသော လှည့်ကွက်ဖြင့် အာဏာမြဲမြံရေး လမ်းစဉ်ကိုသာ ဆက်လက် တည်ဆောက်သွားမည်မှာ ငြင်းမရနိုင်သော အမှန်တရားပင် ဖြစ်သည်။