ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

 

စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေရာတွင် “The Key Project” နှင့်ပတ်သက်၍ ငွေကြေးရှင်းတမ်း ထုတ်ပြန်နိုင်ရေး ပြဿနာများ ပေါ်ပေါက်လာသဖြင့်၊ ရေရှည်အတွက် တော်လှန်ရေး ရန်ပုံငွေများ အလွဲသုံးစားလုပ်မှုများကို ထိန်းချုပ်နိုင်မည့် တာဝန်ယူ၊ တာဝန်ခံမှုရှိသော စနစ်တစ်ခု တည်ထောင်ရန် တော်လှန်ပြည်သူများနှင့် လေ့လာသူများက ပြတ်သားစွာ ထောက်ပြပြောဆိုသည်။

 

လက်ရှိတွင် The Key Project နှင့်ပတ်သက်၍ ငွေကြေးစီမံသူတစ်ဦးဖြစ်သူ We Love Myanmar Family မှ မထက်ဟေမာန်အောင် (ခ) ဂူးဂူး၏ တော်လှန်ရေးရန်ပုံငွေ အလွဲသုံးစားလုပ်မှုများ ထွက်ပေါ်လာသဖြင့် project တာဝန်ရှိသူများအချင်းချင်း ငွေကြေးရှင်းတမ်းထုတ်ပေးရန် တောင်းဆိုနေမှုများရှိကြောင်း Project ပိုင်ရှင် Ride Behind The Kalaw ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

The Key Project သည် ၂၀၂၄ ခုနှစ် မေလမှ ဇူလိုင်အတွင်း ကလောမြို့ရှိ ဟိုတယ်တစ်ခုကို မဲအဖြစ်သတ်မှတ်ကာ ဒေါ်လာ ၁၀၀ ဖြင့် ရောင်းချခဲ့ပြီး ရန်ပုံငွေရာနှုန်းပြည့် တော်လှန်ရေး စီးဆင်းမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ရန်ပုံငွေအလွဲသုံးစားလုပ်မှုများ ထွက်ပေါ်လာခြင်းအပေါ် ပြည်သူများက စိတ်ပျက်မိကြောင်း ဆိုသည်။

“ ပြည်သူ့ငွေအလွဲသုံးစား လုပ်တဲ့သူတွေကို စိတ်ပျက်တယ်။ ပြည်သူတွေမှာ အကျပ်အတည်းကြားထဲ ကရှိတဲ့ငွေလေးကို တော်လှန်ရေးအောင်ချင်တဲ့စိတ်နဲ့ ပံ့ပိုးပေးနေရတာ။ ဒီလိုအလွဲသုံးစားလုပ်တာ ကတော်တော်ဆိုးတယ်” ဟု တော်လှန်ပြည်သူအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တော်လှန်ရေးဘဏ္ဍာငွေ ရရှိရေးအတွက် စနစ်တစ်ခုတည်ဆောက်ပြီး သက်ဆိုင်ရာကဏ္ဍာအလိုက် တိုက်ရိုက်ရန်ပုံငွေ ပေးပို့ခြင်း၊ ကြားခံမှတစ်ဆင့်ပေးပို့ခြင်းနှင့် ရန်ပုံငွေရှာဖွေရေး Project များ ပြုလုပ်ရာတွင် အဖွဲ့အစည်းပေါင်းစုံပါဝင်ပြီး ပွင့်လင်းမြင်သာစွာလုပ်ဆောင်သင့်ကြောင်း တော်လှန် ပြည်သူများက အကြံပြုပြောကြားသည်။

 

“ အခုလိုဖြစ်တော့စိတ်မကောင်းဖြစ်မိတယ်။ ကိုယ်လှူတဲ့အလှူငွေက တကယ်ပဲမြေပြင် ရောက်သွား လားမသိရဘူး။ ကိုယ်ချမ်းသာလို့လှူနေတာမဟုတ်တော့ဆိုတော့ ကိုယ်တတ်နိုင်သလောက် လေးလှူ တာကို မြေပြင်ကိုပဲ အကုန်ရောက်စေချင်တယ်။ အခုနောက်ပိုင်းတော့တိုက်ရိုက်ပဲလှူတော့တယ်။ တော်လှန်ရေးအဖွဲ့တွေကိုပဲ တိုက်ရိုက်လှူသွားမယ်” ဟု မဲဆောက်မြို့ရှိ တော်လှန်ရေးထောက်ပို့အမာခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

တော်လှန်ရေးကာလအတွင်း အရေးကြီးဆုံးလိုအပ်ချက်ဘဏ္ဍာငွေအတွက် Fundraiser များစွာက ပြည်သူလူထုစိတ်ဝင်စားမည့် project များပြုလုပ်ကာ ရန်ပုံငွေရှာဖွေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးများထံ ဘဏ္ဍာငွေလှူဒါန်းမှုများ လုပ်ဆောင်လျက် ရှိသည်။

 

The Key Project နှင့်ပတ်သက်၍ သက်ဆိုင်သူများဘဏ္ဍာငွေရှင်းလင်းရေးလုပ်ရာတွင် နှစ်ဖက် အဆင်ပြေစေရန်အတွက် NUG အနေဖြင့် ပါဝင်ညှိနှိုင်းပေးသင့်သလို ရန်ပုံငွေရှာဖွေရန် စနစ် တစ်ခုတည်းသွားပါက ထိန်းချုပ်ရလွယ်ကူမည်ဖြစ်ကြောင်း တော်လှန်ပြည်သူများက အကြံပြု ပြောကြားသည်။

 

“တော်လှန်ရေးရန်ပုံငွေအတွက်နောက်လုပ်မဲ့ project တွေမှာ ဘယ်လောက်ငွေဝင်တယ်။ ဘယ် လောက် ဘယ်ကိုရန်ပုံငွေစီးဆင်းတယ်ဆိုတာ ချက်ချင်းစာရင်းရှင်းတမ်းပြပေးအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်တယ်” ရန်ကုန်မြို့ရှိ ထောက်ပို့ အမာခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

တော်လှန်ရေးရန်ပုံငွေအလွဲသုံးစား လုပ်မှုများအပါအဝင် တော်လှန်ရေး ဘဏ္ဍငွေများစနစ်တကျ ရရှိရေးနှင့် ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ထံ ဧရာ၀တီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယင်းကိစ္စများနှင့်ပတ်သက်၍ ဖြေကြားခြင်း မပြုနိုင်သေး ကြောင်း ဆိုသည်။

 

“ NUG ဘက်ကလည်း fundraiser တွေကိုအလိုမလိုက်သင့်ဘူး။ လေးလေးစားစားဆက်ဆံဖို့လိုပေမဲ့ ထင်သလိုလုပ်ခွင့်ပေးနေတာက တာဝန်မဲ့နေသလိုဖြစ်နေတယ်” ဟု မြန်မာ့အရေးလေ့လာသူ သုတေသ နပညာရှင် အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင်တော်လှန်ရေးကာလအတွင်းဆက်လက်လိုအပ်သည့်ဘဏ္ဍာငွေစနစ်တကျစီးဆင်းရေးအတွက်လူ သားချင်းစာနာထောက်မှု၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍာများအတွက် နည်းလမ်းမျိုးစုံဖြင့်အလှူခံခြင်း ( diversify) စစ်ဘက်ဆိုင်ရာကိစ္စများအတွက်ဗဟိုစနစ်တစ်ခုဖြင့်အလှူခံခြင်း(centralized fundraising ) စနစ်ကိုဟန်ချက်ညီဆောင်ရွက်၍ သက်ဆိုင်ရာမိခင်အဖွဲ့အစည်းများမှ တစ်ဆင့်သွားသင့်သည်ဟု ၎င်းက ဆက်လက်အကြံပြုပြောကြားသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် CRPH – Official Fundraising Program တစ်ခုရှိထားပြီး အဖွဲ့ဝင်ထားသည့် ရန်ပုံငွေရှာ‌ဖွေသူ (Fundraiser) များရှိပြီး ၎င်းတို့ဦးစီးသည့် project များမှ ဘဏ္ဍာငွေများသည် မြေပြင်စီးဆင်းမှုအထိရှိပြီး စာရင်းစစ်များလည်းပါဝင်ကြောင်း CRPH – OFP ထံမှ သိရသည်။

 

“ကိုယ့်ဘာသာငွေရှာတာ၊လက်နက်ဝယ်ပြီးတိုက်တာဆိုရင် ရေရှည်မှာစစ်တပ်တစ်ခုကို ဘယ်လိုမှ မတည်ဆောက်နိုင်ဘူး။ အခုကတပ်စုလိုက်၊ တပ်ရင်းလိုက်သီးခြားငွေရှာပေးတာတွေ လှူပေးနေ တာတွေက ရေတိုမှာ အဆင်ပြေပေမဲ့ရှေရည်မှာဘေးထွက်ဆိုးကျိုးရှိတယ်” ဟု မြန်မာ့အရေး လေ့လာသူ သုတေသနပညာရှင်က ဆိုသည်။

 

ဓာတ်ပုံ – the key project