ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများသည် ပြေလည်မှုမရရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယနေ့စက်တင်ဘာ ၂၇ ရက်၌ ကျရောက်သည့် ပါတီတည်ထောင်ခြင်း (၃၇)နှစ်ပြည့်တွင် ထုတ်ပြန်ခဲ့သည်။

ထိုကြောင့် မတရားဖမ်းဆီးခံထားရသော NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများ၊ ပြည်တွင်း/ပြည်ပ မိတ်ဖက်အင်အားစုများက ဆက်လက်ကြိုးပမ်းအားထုတ်ပေးပါရန်နှင့် အားလုံးနှင့်အတူ ပူးပေါင်းသွားမည်ဟု ဆိုသည်။

ယင်းအပြင် NLD သည် ပြည်သူများထဲမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ်ကာ အာဏာရှင်အဆက်ဆက်တို့၏ မလိုမုန်းတီးစိတ်ထားဖြင့် မည်သို့ပင် တိုက်ခိုက်ချေမှုန်း ဖျက်ဆီးသည်ဖြစ်စေ ပြည်သူရှိနေသရွေ့ ပါတီရှိနေမည်ဖြစ်ပြီး စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကိုလည်း လက်မခံ၊ အသိအမှတ်မပြုကြောင်း ဖော်ပြထားသည်။

စစ်ကော်မရှင်သည် ၎င်းတို့အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြဿနာအရပ်ရပ်ကြောင့် နိုင်ငံတကာနှင့် ပြည်သူကို ထပ်မံလှည့်စားရန်၊ နိုင်ငံရေး တရားဝင်မှုရရန် ရည်ရွယ်၍ အတုအယောင် ရွေးကောက်ပွဲအား ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်ပြီး တရားဝင်မှုနှင့် တရားမျှတမှုလည်း ရှိမည်မဟုတ်ကြောင်း သိရသည်။

ထိုအတုအယောင် ရွေးကောက်ပွဲ အကောင်အထည်မပေါ်လာရန် မိတ်ဖက်အင်အားစုများနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး မြန်မာ့အရေး ပြေလည်စေရေးအတွက် အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ကျေးဇူးတင်ဟု NLD ၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။

နိုင်ငံတကာအနေဖြင့် မြန်မာ့အရေးကို လတ်တလော ပြေလည်စေရေးအတွက်သာ မဟုတ်ဘဲ ပြဿနာအရင်းအမြစ်အား သိရှိရန် လိုအပ်ပြီး ယင်းရွေးကောက်ပွဲအပါအဝင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အထောက်အကူဖြစ်စေမည့် ကိစ္စရပ်များကို ရှောင်ဖယ်၍ ပြည်သူ့ဆန္ဒအပေါ် အခြေခံစဥ်းစား ဆောင်ရွက်လိုကြောင်း NLD က ဆိုသည်။

ယင်းသို့ဆောင်ရွက်ကြမှသာ ရေရှည်ခိုင်မာသော တည်ငြိမ်အေးချမ်းမှုကို ရရှိမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဋ္ဌ (၁) သမ္မတကြီး ဦးဝင်းမြင့်တို့ကိုလည်း မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရ၍ ကျန်းမာရေးအတွက် NLD အနေဖြင့် အထူးစိုးရိမ်ပူပန်မိကြောင်း ဖော်ပြထားသည်။

NLD ပါတီသည် ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြသည့် နိုင်ငံရေးပါတီ ၉၁ ပါတီနှင့် တသီးပုဂ္ဂလတို့အနက် မဲဆန္ဒနယ်အားလုံး၏ ၈၂.၃၆ ရာခိုင်နှုန်း အနိုင်ရ၊ လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံရသော်လည်း စစ်ကော်မရှင်က မဲမသမာ မှားယွင်းသည်ဟု အကြာင်းပြကာ အာဏာသိမ်းခဲ့ကြောင်း သိရသည်။

ထို ၂၀၂၀ ရွေးကောက်ပွဲကို နိုင်ငံတကာ သံတမန်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ အရပ်ဖက်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့က လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုကာ လက်ခံထုတ်ပြန်ခဲ့သော်လည်း အာဏာသိမ်း စစ်ကော်မရှင်ကမူ ငြင်းဆိုလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်