ဧရာဝတီတိုင်းမ်
(သဲကုန်း)၊ စက်တင်ဘာ ၂၇ ရက်

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပန်းပင်ကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့က ဗျူဟာ(၂၁) ကွပ်ကဲမှုလက်အောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ-၅ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှာ ဆိုင်ကယ် ၁၄ စီးဖြင့် ပန်းပင်ကုန်ကျေးရွာ၊ အောင်စည်သာကွက်သစ်ရှိ ဒေသခံနေအိမ်များကို သွားရောက်မီးရှို့ဖျက်ဆီးပြီး အပြန်တွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား နှစ် ဦးသေဆုံးခဲ့ပြီး နှစ် ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အဲ့ဒီဒေသမှာက စစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုပြီး အဲ့ရွာတွေကို ဝင်မွှေတာမျိုးတွေ မီးရှို့ပြီးပစ္စည်းသယ်သွားတာမျိုးတွေရှိတယ်။ အမြဲတမ်းအဲ့ဒီရွာ အောင်စည်သာတို့ ပန်းပင်ကုန်းတို့ အဲ့ဒီဘက်တွေကို လာလာမွှေလေ့ရှိတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်တပ်ဖွဲ့များ၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ရှစ်လုံး မီးလောင်ကျွမ်းခဲ့ရကြောင်းလည်း ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ-၅ ထံက သိရသည်။

 

တိုက်ခိုက်မှုအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင်သေဆုံးအလောင်းများ နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို သဲကုန်းမြို့ဘက်မှ ကားဖြင့်လာရောက်သယ်ဆောင်သွားခဲ့ပြီး ရွှေတောင်မြို့နယ်ကုတင်(၁၀၀) စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

 

ပြည်ခရိုင်အတွင်း ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ကလည်း ဗျူဟာ(၂၁) ကွပ်ကဲမှုလက်အောက်ရှိ ၃၆၀၁တပ်ရင်း၊ တပ်ခွဲ-၁ မှ ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ တပ်သား ငါးဦးသေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

 

ဓာတ်ပုံ – ပေးပို့
ပုံစာ – ၃၆၀၁ တပ်ရင်းမှတော်လှန်ရေးတပ်ဖွဲ့ဝင်များ(ပုံဟောင်း)