နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၇ ရက်

 

စစ်ရေးအတွက် နျူကလီးယား နည်းပညာရယူရန် ရည်ရွယ်ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတဝန်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန် ရုရှားနိုင်ငံကို အကူအညီတောင်းခံနေကြောင်း သိရသည်။

 

ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ရောက်ရှိနေသည့် စစ်ခေါင်းဆောင်က ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်၏ ထိပ်သီးအစည်းအဝေး၊ ရုရှားသမ္မတ ပူတင်အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စက်တင်ဘာ ၂၅၊ ၂၆ ရက်၌ တွေ့ဆုံရာတွင် ထိုသို့အကူအညီ တောင်းခံခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

၁ဆ လိုအပ်တဲ့ နျူကလီးယား အခြေခံအဆောက်အအုံ၊ လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ အခြားလိုအပ်တဲ့ လုပ်ငန်းတွေကို ရုရှားနိုင်ငံနဲ့ ROSATOM တို့က တတ်နိုင်သမျှ မြန်မာနိုင်ငံကို ဆက်လက်ကူညီပေးဖို့ မိမိအနေနဲ့ အလေးအနက်ထား မေတ္တာရပ်ခံပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

 

ထို့အတူ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA)အနေဖြင့် မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ဆောင်ရာ၌ ဆက်လက်ကူညီပေးရန် မေတ္တာရပ်ခံသလို ဖိုရမ်တက်ရောက်လာသည့် နိုင်ငံများနှင့်လည်း နျူကလီးယား နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်လိုကြောင်း ၎င်းက ဆိုသည်။

 

စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် နျူကလီးယားစွမ်းအင် အစီအစဉ်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရန် ၎င်းဦးဆောင်သော အဖွဲ့ဝင် (၁၄) ဦးပါဝင်သည့် အမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ၏ နျူကလီးယားဥပဒေကိုလည်း ၂၀၂၄ ခုနှစ်၌ ပြင်ဆင်ရေးဆွဲထားသည်။

ယင်းအပြင် စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် ရုရှားနိုင်ငံပိုင် အနုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နှင့် နီးကပ်စွာ ပူးပေါင်းလျက်ရှိသည်ဟု ဆိုထားပြီး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

 

အဆိုပါစက်ရုံ တည်ဆောက်ရန် စစ်ကော်မရှင်က ပဲခူးတိုင်းအလယ်ပိုင်းနှင့် ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်တို့တွင် လျာထား၍ နှစ်နိုင်ငံပြည်သူ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် နေထိုင်မှုတို့အတွက် အလွန်စိုးရိမ်ပူပန်မိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ကလည်း ထုတ်ပြန်ထားသည်။

 

လက်ရှိတွင် ထိုလျာထားရာ ဒေသနှစ်ခု၌ စစ်ကော်မရှင်နှင့် တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်မြေအနေအထားအရ အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံနှင့်အတူ ပြန်လည်လုပ်ကိုင်ရန် ကြိုးပမ်းနေသည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် နျူကလီးယား စက်ရုံကိစ္စမှာ ဖြစ်နိုင်ချေနည်းကြောင်း သိရသည်။

 

ယင်းအပြင် နျူကလီးယား နည်းပညာကို ပိုင်ဆိုင်၍ စစ်ရေး၌ အသုံးချရန်မှာ စစ်အာဏာရှင်အဆက်ဆက်၏ နိုင်ငံ့အာဏာအား ထာဝရစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် အစဉ်တစိုက်ကြိုးစားခဲ့သော အိပ်မက်ဖြစ်ပြီး ယင်းကိစ္စသည် အရပ်သားအစိုးရ NLD လက်ထက်တွင် ရပ်တန့်သွားခဲ့ကြောင်း လေ့လာစောင့်ကြည့်သူများထံက သိရသည်။

 

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်သည် နျူကလီးယား ပိုင်ဆိုင်လိုမှု အိမ်မက်ကို ပြန်လည်အသက်သွင်းခဲ့ပြီး ယခုရုရှားခရီးစဉ်၌လည်း နှစ်ပေါင်းများစွာ ကြိုးစားလာရာ အကြောင်းအမျိုးမျိုးကြောင့် တုံ့နှေးနေမှုအပေါ် ၂၀၂၂ ခုနှစ်မှစ၍ ရုရှားနိုင်ငံနှင့် ပူးပေါင်းတိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ဆိုထားသည်။

 

အလားတူ ရုရှားသမ္မတ ပူတင်နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံရာ၌လည်း နှစ်နိုင်ငံအကြား ရရှိထားသည့် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးကာ ROSATOM နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များ ထပ်မံလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။