ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်

စစ်ကောင်မရှင်၏ စစ်မှုထမ်းစုဆောင်းရေးတွင် အသက်မပြည့်သေးသော ကလေးသူငယ်များ ပါဝင်လာသဖြင့် ပြန်လွှတ်ပေးပြီးနောက် မှားယွင်းစုဆောင်းသူများ မှားယွင်းဆင့်ခေါ်သူများကို အရေးယူထားကြောင်း စစ်ကော်မရှင်၏ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ် မောင်မောင်အေးက ဆိုသည်။

နေပြည်တော်တွင် ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နေ့ပြုလုပ်သည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှကာကွယ် တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေးတွင် စစ်ကော်မရှင်၏ ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် ၂၀၁၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်ခြင်းမှ ကာကွယ်ရေးအတွက် အသက်မပြည့်သေးသည့်စစ်သား အမြဲတမ်းစစ်မှုထမ်း ၁၁၅၂ ဦးကို မိဘအုပ်ထိန်းသူထံ လွဲပြောင်းပေးကြောင်း ဗိုလ်ချုပ် မောင်မောင်အေးက ပြောကြားခဲ့သည်။

စစ်ကော်မရှင်၏ ကာကွယ်ရေးဝန်ကြီးက ထိုသို့ပြောဆိုခဲ့သော်လည်း မြေပြင်တွင်မူ အသက်လိမ်လည်၍ မှတ်ပုံတင်အတုများပြုလုပ်ပေးကာ စစ်သင်တန်းများပေးနေခြင်း ဖြစ်သည်။

“စုဆောင်းရေးတပ်ကို ရောက်ပြီးမကြာခင်မှာပဲ ဒေးဒရဲ လဝက ရုံးကိုသွားပြီး သွေးတွေ ဘာတွေစစ်တယ်။ မှတ်ပုံတင်ပါ တစ်ခါထဲရိုက်ပေးလိုက်တယ်။ အသက် ၁၉ နှစ်လို့ထည့်လိုက်တယ်။ မှတ်ပုံတင်မရှိတဲ့သူတွေက သွားလုပ်ရတယ်။ ကျွန်တော်နဲ့တူတူ သုံး လေး ယောက်ရှိတယ် လာလုပ်တာ” ဟု စစ်ကော်မရှင်၏ တပ်သားသစ် စုဆောင်းခံရပြီးနောက် ပြည်သူ့ရင်ခွင်သို့ အလင်းဝင်လာသည့် အသက် ၁၇ နှစ်အရွယ်မောင်အောင်ပိုင်(အမည်လွှဲ)က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်တွေ့တွင်မူ စစ်ကော်မရှင်ပြဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်းခံရသည့် အသက်မပြည့်သေးသူများပြန်လွှတ်ခြင်းမရှိဘဲ မှတ်ပုံတင်မရှိသည့် အသက်မပြည့်သူကလေးများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ပေါင်းကာ အသက်လိမ်လည်၍ မှတ်ပုံတင်များပြုလုပ်ပေးကာ စစ်မှုထမ်းရန်စေခိုင်းနေခြင်း ဖြစ်ကြောင်း ပြည်သူရင်ခွင်သို့ အလင်းဝင်ရောက်လာသည့် စစ်ကော်မရှင် တပ်သားသစ်များထံမှ သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဖွင့်လှစ်နေပြီး အမှတ်စဉ် (၁၈) အတွက် အတင်းအဓမ္မတပ်သားသစ်စုဆောင်းမှုများပြုလုပ်နေကြောင်းလည်း သိရသည်။

ယင်းပြင်ဒေသအသီးသီးတွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အပေါင်းအပါများသည် စစ်မှု ထမ်းလိုခြင်းမရှိသောပြည်သူများထံမှ လစဉ်ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများ က ဆိုသည်။

ဓာတ်ပုံ – MOI