
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်
ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း ဘူအလွိုင် (BUALOI) ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုများကြောင့် စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း နေရာကွက်၍ မိုးကြီး နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။
လာမည့်တစ်ပတ်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီ ( ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း နှင့် မြေပြိုခြင်း တို့ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူလူထုအနေဖြင့် သတိပြုရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်ရှိတွင် စစ်တောင်းမြစ်ရေ သည် မဒေါင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်လွန် နေပြီး၊ လာမည့်တစ်ရက်အတွင်း ပေဝက် ထပ်မံ မြင့်တက်လာနိုင်သည်။ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် အထက် ပေဝက်ကျော်လွန်နေသော်လည်း လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ် အောက်သို့ ပြန်ရောက်မည်ဟု ခန့်မှန်းထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေခန့် အထိ ရှိနိုင်သောကြောင့် သင်္ဘောသားများနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ သတိပြုရန် လိုသည်။
အပူပိုင်းမုန်တိုင်း ဘူအလွိုင် သည် ဖိလစ်ပိုင်ပင်လယ်ပြင်မှ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး စက်တင်ဘာ ၂၇ ရက်တွင် တောင်တရုတ်ပင်လယ်ပြင် သို့ ရောက်ရှိကာ တိုင်ဖွန်းမုန်တိုင်း အဖြစ် အားကောင်းလာနိုင်သည်ဟု ခန့်မှန်းထားသည်။ ယင်းနောက် စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသများကို ဖြတ်ကျော်မည် ဟု ခန့်မှန်းရကြောင်း မိုး/ဇလ က ထုတ်ပြန်သည်။
ဓာတ်ပုံ-မိုး/ဇလ