
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်
စစ်ကော်မရှင်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီး ထိုးစစ်ဆင်လျက်ရှိသော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ကို လာမည့် အောက်တိုဘာ ၁၅ ရက်နေ့ တွင် ကျရောက်မည့် NCA ၁၀ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
NCA (၁၀) နှစ်ပြည့် အခမ်းအနားကို ယခင်နှစ်များထက် စည်ကားစွာ ကျင်းပနိုင်ရန်အတွက် စစ်ကော်မရှင်နှင့် အပစ်ရပ်အဖွဲ့များ၏ မဟာမိတ်ဖြစ်သော 7 EAO Alliance တို့က လေးကြိမ်တိုင် တွေ့ဆုံညှိနှိုင်းခဲ့ပြီး ယင်းညှိနှိုင်းမှုများမှ NCA ကို စတင်ပြုစုခဲ့သူ ခေါင်းဆောင်များအပြင် လက်ရှိ လက်မှတ်ထိုးထားဆဲ မဟုတ်သည့်အဖွဲ့များအား ဖိတ်ကြားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း 7 EAO Alliance ၏ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့် ထံမှသိရသည်။
“အခမ်းအနားကို နိုင်ငံရေး အနှစ်သာရရှိရှိ လုပ်ဖို့စဉ်းစားတဲ့အခါမှာ NCA လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်အကုန်လုံးဖိတ်နိုင်အောင်၊ ပြီးတော့ NCA လက်မှတ် မရေးထိုးနိုင်သေးပေမယ့်လည်း NCA ပြုစုတဲ့အချိန်က အတူတကွပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေကိုလည်း ဖိတ်နိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းမှုတွေရှိတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
KNU နှင့် CNF တို့သည် ယခင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တွင် ပါဝင်နေပြီး စစ်ကော်မရှင်က အာဏာသိမ်း၍ နိုင်ငံတစ်ဝန်း ဗုံးကြဲတိုက်ခိုက်ကာ NCA ကို ချိုးဖောက်နေသောကြောင့် ဆွေးနွေးမှုများ ရပ်ဆိုင်းကာ ပြည်သူနှင့်အတူ ခုခံတော်လှန်နေသည့် အဖွဲ့များဖြစ်သည်။
စစ်ကော်မရှင်က ၎င်းတို့အား မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့များ (KIA/AA/TNLA) နည်းတူ KNU အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ၍ ခေါင်းဆောင်များကိုလည်း CNF အပါအဝင် အခြားလူပုဂ္ဂိုလ်၊ တော်လှန်ရေး အင်အားစုများနည်းတူ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှုဖြင့် သက်ဆိုင်ရာ နယ်မြေများတွင် အမှုဖွင့်ကာ ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။
အလားတူ NCA လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ၊ ဥက္ကဋ္ဌ ကျာခွန်ဆာဦးဆောင်သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) (မူလအဖွဲ့)တို့ကလည်း အာဏာသိမ်းမှုကို လက်မခံသဖြင့် စစ်ကော်မရှင်နှင့် တွေ့ဆုံမှုများ လုပ်ဆောင်မည်မဟုတ်တော့ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ-(RCSS) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့သာ အပစ်ရပ်အဖွဲ့များအဖြစ် ကျန်ရှိတော့ပြီး စစ်ကော်မရှင်နှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးနေသလို 7 EAO Alliance အဖွဲ့ ဖွဲ့စည်းထားကြောင်း သိရသည်။
ယင်းအပြင် NCA လက်မှတ် ရေးထိုးထားခြင်းမရှိသည့် မြောက်ပိုင်းညီနောင်အဖွဲ့ဝင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ၊ အာရက္ခတပ်တော်(AA) နှင့် တအာင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) စသည့် EROs များကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ ခုခံတော်လှန်လျက်ရှိပြီး စစ်ကော်မရှင်သည် စစ်ရေးအရရှုံးနိမ့်လျက်ရှိသည်။
အာဏာသိမ်း စစ်ကော်မရှင်ကမူ NCA လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့် အခမ်းအနားကို EROs အပြင် NCA အကောင်အထည်ဖော်မှု ကာလတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပါဝင်ခဲ့သော ခေါင်းဆောင်များနှင့် နိုင်ငံတကာ အသိသက်သေများအား ဖိတ်ကြားမည်ဖြစ်သလို ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“အဲဒါတွေကို ကျယ်ကျာ်ပြန့်ပြန့် ဖိတ်နိုင်အောင်လို့ ကျွန်တော်တို့ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်နေတယ်။ အရင်နဲ့မတူဘဲ နိုင်ငံရေး အနှစ်သာရရှိရှိ အဓိပ္ပာယ်ရှိရှိ စည်စည်ကားကား ကျင်းပနိုင်ဖို့ ကျွန်တော်တို့ သဘောထား ရှိပါတယ်” ဟု စစ်ကော်မရှင်နှင့်အတူ ဖိတ်ကြားရေးတွင် ပါဝင်တာဝန်ယူ လုပ်ဆောင်နေသော 7 EAO Alliance ၏ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။
ထို့အပြင် စစ်ကော်မရှင်က NCA နှစ်ပတ်လည် အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် NCA (၁၀)နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု၊ အောင်မြင်မှုများနှင့် သင်ခန်းစာတို့အပေါ် အမြင်သဘောထား၊ အတွေ့အကြုံများ မျှဝေဖလှယ်၍ အလွတ်သဘော ဆွေးနွေးနိုင်အောင် စီစဉ်ပေးသွားမည်ဟုလည်း ဆိုထားသည်။
ဓာတ်ပုံ-MOI
ပုံစာ- ယခင် NCA အခမ်းအနား