အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ စက်တင်ဘာလ ၃ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်းကျေးရွာအား စစ်ကောင်စီတပ်မှ ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိဘုန်းကြီးကျောင်းတွင် ကျေးရွာသားများအား ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်သားများက လယ်ဇင်းကျေးရွာအတွင်း တစ်အိမ်တအိမ်ဆင်း လိုက်လံရှာဖွေပြီး ဒေသခံရွာသာများအား ဘုန်းကြီးကျောင်းဝန်းအတွင်း ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

“မနေ့ မနက်ပိုင်းထဲက စစ်ကြောင်းထိုးပြီးဝင်လာတာ။ တအိမ်ဆင်းတအိမ်တက် စစ်သားတွေက အကုန်လုံးကိုရှာဖွေပြီး ဘုန်းကြီးကျောင်းဝန်းထဲထိုင်ခိုင်းထားပြီး PDF နဲ့ပတ်သတ်တဲ့သူတွေ PDF တွေဘယ်မှာရှိလဲ ဆိုပြီး ရိုက်နှက်ပြီးစစ်ဆေးတာတွေပြုလုပ်နေတာ။ တနေကုန်ပဲ သက်ကြီးရွယ်အို ကနေကလေးလေးတွေပါမကျန်စစ်ဆေးနေတာ” ဟု လယ်ဇင်းကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသည့်​ ရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးနေစဥ်အတွင်း ကလေးများနှင့် သက်ကြီးရွယ်အိုများကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရှိရပြီး လူငယ်အရွယ် ရွာသားအချို့အား ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

“သက်ကြီးရွယ်အိုတွေကို ပြန့လွှတ်ပေးတယ်တော့ ကြားတယ်။ ကျန်တဲ့ အရွယ်ရောက်ပြီးသားဒေသခံတွေကိုတော့ ခုချိန်ထိဆက်ပြီး စစ်ဆေးနေတုန်းပဲလို့ သိရတယ်” ဟု လယ်ဇင်းကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသည့်​ ရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်မှ အင်အားသုံးပြီး လေကြောင်း၊ ကုန်းကြောင်း ရေကြောင်းကပါ အင်အားသုံးထိုးစစ်ဆင်မှုများလုပ်ဆောင်နေပြီး ကျေးရွာတွေကို လေယာဥ်ဖြင့် ဗုံးကြဲ ရွာတွေကိုမီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

လယ်ဇင်းကျေးရွာကို သြဂုတ်လ ၂၈ရက်နေ့ကလည်း စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့ဖူးပြီး လမ်းပြ ၃ ဦးကိုလည်း ဘောလုံကွင်းအနီးတွင် သတ်ဖြတ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။