ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ စက်တင်ဘာလ ၃ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် ပလက်မြို့နယ်မှ ဒေသခံ ၅၀၀ ကျော်သည် စက်တင်ဘာလ ၂ ရက်နေ့တွင် မီဇိုးပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AAတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့က ပလက်ဝမြို့နယ်၊ မိတ်ဝကျေးရွာအနီးတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီဇိုးပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်ကြောင်း‌ ပလက်ဝမြို့နယ် ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲဖြစ်ပွားတာကတော့ ရခိုင်ပြည်နယ်အတွင်းမှာပါ၊ စစ်ကောင်စီတပ်နဲ့ AAတို့ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ၊ စက်တင်ဘာလ ၁ ရက်နေ့က ပလက်ဝမြို့နယ်၊ မိတ်ဝကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်ပေါ့နော်၊ ပြည်သူလူထုတွေတော့ ထိခိုက်မှုမရှိပေမယ့် အကုန်လုံးက ကြောက်လန့်နေကြတဲ့ အတွက် မီဇိုးရမ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်ပါတယ်”ဟု ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မီဇိုးပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းသို့ ထွက်ပြေးခိုလှုံလာသော ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ များကို လောင်တလိုင်ခရိုင်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက လိုအပ်မှုများကို ကူညီမှုများဆောင်ရွက်ပေး နေကြောင်းသိရသည်။