ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်

အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက မီဇိုးပြည်နယ်တွင် ဒရုန်းရောင်းဝယ်ခြင်းနှင့် သယ်ဆောင်ခြင်းတို့ကို ကန့်သတ်ပိတ်ပင်ခြင်းကြောင့် ပြည်နယ်အတွင်းတွင် ဒရုန်းအသေးစား(ရိုးရိုးဒရုန်း)များကိုသာ ရောင်းချခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းတိုက်ခိုက်မှုများတွင် ဒရုန်းအသုံးပြုမှု များပြားလာမှုကြောင့် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက အိန္ဒိယ – မြန်မာနယ်စပ်ဒေသဖြစ်သည့် မီဇိုးပြည်နယ်အတွင်းတွင် ဒရုန်းရောင်းဝယ်ခြင်းကို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ဒရုန်းရောင်းဝယ်သူများက ဆိုသည်။

“မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခါစတုန်းက မီဇိုးပြည်နယ်မှာ ဒရုန်းမျိုးစုံဝယ်ယူလို့ ရသေးတယ်၊ အခုနောက်ပိုင်း မြန်မာနိုင်ငံထဲမှာ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်တဲ့အခါ ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြု လာတဲ့အတွက် အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ကန့်သတ်ပိတ်ပင်မှုတွေ ပြုလုပ်လာတယ်လို့ သိရတယ်၊ အလှဓာတ်ပုံလေးတွေ ရိုက်ကူးလို့ရမယ့် ရိုးရိုးဒရုန်းလေးတွေပဲ

ဝယ်ယူလို့ရတယ်၊ တိုက်ခိုက်ရေးတွေမှာ သုံးလို့ရမယ့် ဒရုန်းတွေကိုတော့ ဝယ်ယူလို့ မရတော့ဘူး၊ ဒရုန်းဆိုင်တွေမှာ ဝယ်တင်ခွင့် ပိတ်လိုက်ပြီ၊ ဒရုန်းနဲ့ ဆက်စပ်တဲ့ အပိုပစ္စည်းတွေကိုတော့ အိန္ဒိယနိုင်ငံ၊ ပြည်မဘက်တွေမှာ ဝယ်ယူလို့ ရတယ်”ဟု ဒရုန်းရောင်းဝယ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုးပြည်နယ်သည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး တိုက်ခိုက်ရေးတွင် အသုံးပြုနိုင်မည့် ဆက်စပ်ပစ္စည်းမှန်သမျှကို မြန်မာနိုင်ငံဘက်သို့ သယ်ဆောင်ခွင့်မပြုဘဲ အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်တို့က နှစ်နိုင်ငံနယ်စပ်တွင် တင်းကြပ်စွာ ဖမ်းဆီးမှုများပြုလုပ်နေကြောင်းသိရသည်။