ညီညီမင်း/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ စက်တင်ဘာလ ၃ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၁၃)ပ်ကွက်၊ တိုးချဲ့စံပြ(၃)လမ်းမှာ နေထိုင်တဲ့ ပိုးကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတစ်ဦးမှာ မနေ့က ​စက်တင်ဘာလ ၂ ရက်နေ့ညပိုင်းက နေအိမ်မှာပင် အသတ်ခံခဲ့ရ​တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ အသက် (၅၀) အရွယ် မန်းကျော်စိုးလတ် (ခ) ဆရာခေး ဆိုသူဖြစ်ပြီး သူ့ရဲ့နေအိမ်က အလုပ်သမားနေထိုင်တဲ့ အခန်းဝမှာ ဒဏ်ရာတွေနဲ့ မနေ့က ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။
” မနေ့က အလောင်းကိုမြင်ရတာတော့ ဦးခေါင်းကို သံတူရွင်းနဲ့ရိုက်ထားတာ။ နောက်ပြီးလည်ပင်းကို ကြိုးနဲ့ပတ်ပြီးဓါးနဲ့ထိုးသွားတာ။ရက်ရက်စက်စက်လုပ်သွားတာ”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အခင်းဖြစ်ပွားချိန်မှာ အိမ်အပေါ်ထပ်မှာ အကြားအာရုံချို့ယွင်းတဲ့ သူ့ရဲ့မိခင်ဖြစ်သူနဲ့ အိမ်အလုပ်သမားတစ်ဦးရှိနေပြီး လက်ရှိမှာ အိမ်အလုပ်သမားဖြစ်သူ ထွက်ပြေးနေတာကြောင့် လူသတ်မှုကျူးလွန်သူဖြစ်နိုင်ဆိုတဲ့ သံသယနဲ့ ရဲတပ်ဖွဲ့က ယူဆထားတယ်လို့ ရဲတပ်ဖွဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
သေဆုံးသူ မန်းကျော်စိုးလတ်ဟာ ဦးခေါင်းမှာပြတ်ရှဒဏ်ရာ ၄ ချက်၊ ဝဲယာနဖူးမှာ ယောင်ကိုင်းဒဏ်ရာ ၊ လက်နှစ်ဘက်မှာ ဓါးဒဏ်ရာ ၃ ချက်ရရှိခဲ့ပြီး နေအိမ်ကဆိုင်ကယ်တစ်စီး၊ ငွေကြေးအချို့နဲ့ ဖုန်းကိုလည်း လူသတ်တရားခံက ယူဆောင်သွား​တယ်လို့ ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရ သိရပါတယ်။
အခင်းဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲများရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မန်းကျော်စိုးလတ်အား သတ်ဖြတ်သွားတဲ့ လူသတ်တရားခံမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ပုသိမ်မြို့ခံတွေဆီကနေ သိရပါတယ်။