
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန်အတွက် တော်လှန်ရေး အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုအရှိန်မြှင့်တင်ရန် NUG-KNU ခေါင်းဆောင်များက ခိုင်မာစွာ သဘောတူညီခဲ့ကြကြောင်း KNU က ထုတ်ပြန်သည်။
ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်မှ အပြီးတိုင် လွတ်မြောက်ရေး၊ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေးတို့ကို ဖော်ဆောင်ရန်အတွက် ပိုမို စည်းလုံးညီညွတ်စွာ လက်တွဲသွားရန် အခိုင်အမာ ကတိပြုခဲ့ကြပြီး နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန်အတွက် ပူးပေါင်းလက်တွဲ လုပ်ဆောင်သွားမည့် ကဏ္ဍများနှင့်စပ်လျဉ်း၍ အကျယ်တဝံ့ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင်၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးအတွက်ပါ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။