ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

 

ရှမ်းမြောက် ကျောက်မဲနှင့် သီပေါမြို့တို့တွင် သတင်းရယူရန် စစ်ကော်မရှင်တပ်မှ စေလွှတ်ထားသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေး(ဒလန်) ၁၀ ဦးကို တအာင်းမြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ ဖမ်းဆီးရမိခဲ့ကြောင်း တအာင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ထုတ်ပြန်သည်။

 

လားရှိုးမြို့အတွင်းရှိ စစ်ကောင်စီတပ်သည် TNLA အုပ်ချုပ်သည့် မြို့နယ်များအတွင်းရှိ ဂိတ်နေရာများ၊ ဂိတ်တွင်းရှိ လူအင်အား၊ လက်နက်အင်အား၊ ဌာနဆိုင်ရာအင်အား၊ တပ်စခန်းနေရာနှင့် လူစုလူဝေးများသည့် နေရာများကို သတင်းရယူပြီး လေကြောင်းပစ်ခတ်မှု ပြုလုပ်သွားပြီးနောက်တွင် ထိရောက်မှု ရှိမရှိကို စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ကော်မရှင်တပ် လွယ်ကူစွာဝင်ရောက်နိုင်မည့် လမ်းနှင့် ထောက်ပို့လမ်းကြောင်း အခြေအနေ များကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပို့နေသည်ဟု TNLA က ဆိုသည်။

 

အဆိုပါသတင်းပေးများသည် မြို့အတွင်းသို့ လမ်းလျှောက်၍လည်းကောင်း၊ ဆိုင်ကယ်ဖြင့် လည်းကောင်း၊ လိုင်းကားဖြင့်လည်းကောင်း၊ အိမ်ကားဖြင့်လည်းကောင်း၊ သူဌေးယောင်ဆောင်၍ လည်းကောင်း၊ သူတောင်းစားယောင်ဆောင်၍ လည်းကောင်း၊ ခရီးသွားအယောင်ဆောင်၍ လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်ကာ သတင်းများ ထောက်လှမ်းယူခဲ့ကြောင်း သိရသည်။

၎င်းတို့အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာတွင် လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေး ကွမ်းယာဆိုင်နှင့် လူရှင်းသည့်နေရာများတွင် လူချင်းတွေ့ပြီး တစ်ဦးနှင့်တစ်ဦး သတင်းပေးကာ စစ်ကော်မရှင်တပ်သို့ Viber၊ Facebook၊ Wechat၊ Telegram တို့မှ သတင်းပေးပို့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 

လက်ရှိတွင် ကျောက်မဲနှင့် သီပေါမြို့နယ်၌ စစ်ကောင်စီတပ်မှ စေလွှတ်ထားသည့် စရဖများအပြင် စစ်ကော်မရှင်တပ်ထံ သတင်းပေး(ဒလန်)များကိုလည်း ဖမ်းဆီးရမိထားသည်ဟု TNLA က ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ ဖမ်းဆီးရမိသူများကို လုံခြုံစိတ်ချသည့်နေရာတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား ပေါ်လွင်ပါက တအာင်းပြည် ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း TNLA က ဆိုသည်။

 

ဓာတ်ပုံ-TNLA
ပုံစာ-TNLA က ဖမ်းဆီးထားသည့် စစ်ကော်မရှင်တပ်ထံ သတင်းပေးပို့နေသူများ။