‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂၅ ရက်

‎ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ အမှတ်(၃၄၄)အမြောက်တပ် (အမတ-၃၄၄) အနီးရှိ ကျေးရွာများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။

ရေကြည်မြို့နယ်အတွင်း ‎ပြီးခဲ့သည့် စက်တင်ဘာ ၂၂ရက်နေ့မှစတင်ကာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်သံများ ထွက်ပေါ်လာပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”လက်နက်ငယ်အပြန်အလှန်ပစ်ခတ်သံတွေပြန်ကြားရတယ်။ ဒရုန်းဗုံးတွေလည်းကြဲတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကပဲ လေယာဉ်နဲ့ ရေကြည်ရွာတွေဘက်ကြဲခံရတယ်။ တိုက်ပွဲပြန်ဖြစ်နေပါတယ်” ဟု ရေကြည်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎စစ်ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာ ၁၇ရက် နံနက် ၃နာရီမှစတင်ကာ ရေကြည်ရှိ ငှက်သိုက်၊ မြတ်တို၊ ဆီဆုံကုန်းကျေးရွာများကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင်သည် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ခိုလှုံခွင့်မရှိစေရန် ‎ရေကြည် အမြောက်တပ်အနီးရှိကျေးရွာများကိုလည်း ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်ကာ ပြောင်းရွှေ့ ခိုင်းထားကြောင်း သိရသည်။

‎ရေနံ့သာစစ်ဆေးရေးဂိတ်နှင့် ငသိုင်းချောင်းလမ်းတလျှောက်တွင်လည်း ကာကင်းစခန်းငယ်များ တည်ဆောက်ထားကာ စစ်ရေးပြင်ဆင်ထားပြီး ‎အမြောက်တပ် ၃၄၄အတွင်းကိုလည်း ကျည်ကာဝတ်စုံ အပြည့်ဆင်ထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို စစ်သုံးကားကြီးများဖြင့် ခေါ်ယူ အင်အားဖြည့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

‎စစ်ကော်မရှင်က လေးမျက်နှာအစပ်ရှိ စက်စက်ယိုရွာတွင်လည်း စစ်ကြောင်းထိုးအင်အားဖြည့် နေသည့်အတွက် AA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ရှိနေကြောင်း သိရသည်။

ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)