ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

 

ဂီတလမ်းမပေါ်နှစ်ပေါင်း ၆၀ ကျော် ဖြတ်သန်းခဲ့သော ဝါရင့်စတီရီယိုခေတ်ဦးအဆိုတော် ဗစ်တာခင်ညို အသက် (၈၁ ) နှစ်အရွယ်သည် ယနေ့ စက်တင်ဘာ ၂၅ ရက်နေ့၌ ကွယ်လွန်သွားကြောင်း သိရသည်။

 

“ကျွန်တော့် အစ်ကိုအကြီးဆုံးဖြစ်တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်သွားပြီဖြစ်တယ်လို့ ပရိသတ်များကို ဝမ်းနည်းစွာ အသိပေးပါတယ်” ဟု ဗစ်တာခင်ညို၏ညီဖြစ်သူ အဆိုတော် တူးတူးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုတော် ဗစ်တာခင်ညိုကို ဖခင် ဦးခင်ညိုနှင့် မိခင် ဒေါ်ခင်စန်းရီတို့က ၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်းလေးဦးအနက် အကြီးဆုံးသား ဖြစ်သည်။

 

ဗစ်တာခင်ညိုသည် ၁၉၇၀ တွင် “အကြွေပန်းမှနမ်းချင်တယ်” ပထမဆုံး တေးစီးရီးဖြင့် စတင်၍ ဂီတလောကသို့ ရောက်ရှိခဲ့သည်။ ၎င်းသည် တေးစီးရီးပေါင်း ၂၀ ကျော် ထွက်ရှိခဲ့ပြီး ဗစ်တာခင်ညို၏ “ဒီဇင်ဘာနံနက်ခင်း”၊ “လိုက်ခဲ့တော့ကွယ်”၊ “နွေ”၊ “မြခွာညို” စသည့် သီချင်းများသည် အထူးနာမည်ကြီးခဲ့သည်။

 

ထို့အပြင် တေးသံရှင် ဗစ်တာခင်ညိုသည် ကမ္ဘာကျော်အဆိုတော်များဖြစ်သည့် အဲလ်ဗစ်ပရက်စလေနှင့် ကလင့်စ်ဝုရှ်တို့ကို နှစ်သက်သဘောကျသဖြင့် ၎င်းသီချင်းများတွင် Wave ပုံစံဖြင့် အဆုံးသတ်မှုများ ပြုလုပ်တတ်ကြောင်း ထုတ်ဖော်ပြောကြားဖူးသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်