
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နယ်အနီးရှိ အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၆) ရှိရာ နယ်မြေအတွင်းကို စစ်ကော်မရှင်က တပ်ရင်း၊ တပ်မအစုံမှ တပ်ဖွဲ့ဝင်များကို အင်အားအလုံး အရင်းသုံး၍ ပို့ဆောင်ထားကြောင်း သိရသည်။
ယခု စက်တင်ဘာလအတွင်း တိုက်ပွဲပြန်လည်ပြင်းထန်လာသည့် ကပစ ၆ အနီး ညောင်ခြေထောက်နှင့် ညောင်ကျိုးတိုက်ပွဲများအတွင်းသို့ မော်လိုက်အခြေစိုက် အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) မှ တပ်ရင်း၊ တပ်ဖွဲ့များကို ပို့ဆောင်ထားကြောင်း သိရသည်။
“ညောင်ကျိုးရိုးလမ်းပေါ်ကို အင်အားအပြည့်ပါတဲ့ စစ်ယာဉ်တန်း လေးစီး မောင်းနှင်သွားတာရှိတယ်။ လုပ်ငန်းသုံးယာဉ် Sino Truck အသစ်တွေဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်ထဲက ထွက်လာတယ်လို့ ယူဆရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆင်လန်အနီးတိုက်ပွဲများသို့ ပို့ဆောင်ခံရသည့် စကခ-၁၀ တပ်ရင်းအချို့မှာ မတ္တရာ၊ သပိတ်ကျင်း နယ်များတွင် တိုက်ပွဲဝင်နေရာမှ စစ်ကော်မရှင်က အင်အားလိုအပ်ချက်ကြောင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အပိုင်ထဲမှ ထုတ်နုတ်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ခမရ ၃၆၂ (ကလေး)၊ ခမရ ၃၆၄၊ ၃၆၅(မော်လိုက်)၊ ခမရ ၃၆၈(ဖောင်းပြင်) တပ်ရင်း လေးရင်းမှာ တိုက်ပွဲအတွင်းရောက်ရှိနေပြီး ဗသက ဗထူးသင်တန်းဆင်းများကို ရွေးချယ်အင်အားဖြည့်ထားကြောင်း သိရသည်။
ထို့ပြင် စစ်ကော်မရှင်သည် အမှတ်(၂၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၀) ခမောက်ကြီး တပ်များကိုလည်း ပန်းတောင်းတပ်နယ်အတွင်း ပို့ဆောင်ထားပြီးဖြစ်သည်ဟု သတင်းရင်းမြစ်က အသိပေးထားသည်။
စစ်ကော်မရှင်၏ ကပစ-၆ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ကာကွယ်နိုင်ရန်အတွက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်များအပြင် အထူးဆောက်လုပ် ရေးတပ်ရင်းများကိုပါ ဥသျှစ်ပင်မြို့နယ်အတွင်းခေါ်ယူပြီး ကာကင်းစခန်းများ ဆောက်လုပ်ရန် ပြင်ဆင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ညောင်ကျိုးရိုးပေါ်နှင့် ဆင်လန်ရွာအနီး ကာကင်းစခန်းများတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ စစ်ကော်မရှင်တပ်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ် သုံးစီးဖြင့် ပြည်မြို့သို့သယ်ဆောင်လာရကြောင်း သိရသည်။
စစ်ကော်မရှင်သည် ညောင်ကျိုး၊ ညောင်ခြေထောက်နှင့် ဆင်လန်ရွာအနီး တိုက်ပွဲများဖြစ်ပွားနေသည့် အပြင် အစုလိုက် အပြုံလိုက် သေဆုံးမှုများနေသည့် အတွက် ပြည်နယ်အနှံ့တွင် တပ်ဖြန့်ထားသည့် တပ်ရင်းများကိုပါ ပြန်လည်ခေါ်ယူပြီး အင်အားဖြည့်နေရခြင်းဖြစ်သည်။