ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာအနီးတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်​ေတာ် (AA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကော်မရှင်သည် စက်တင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီမှစ၍ တိုက်လေယာဉ်၊ Y -12 လေယာဉ်တို့ဖြင့် ဗုံးအလုံးရေ ၃၀ နီးပါးကို ကြဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“အမ်း-ပဒါန်းလမ်းပိုင်းမှာ တိုက်ပွဲတွေ စလာကတည်း က အဲဒီနားကကျေးရွာတွေ စစ်ဘေးရှောင်နေကြတယ်။ မနေ့က ကော်ဖီခြံတွေဘက်ကိုပါ ဗုံးကြဲသွားလို့ ပျက်စီးထိခိုက်မှုတော့ရှိမှာပါ။ အသေးစိတ်တော့ မသိနိုင်သေးပါဘူး”ဟု မကွေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်က နတ်ရေကန်အနီးရှိ မြိုင်၊ လှိုင်စသည့် ကျေးရွာများဘက်သို့ ဗုံးအလုံးရေ ၃၀ နီးပါးကို ဆက် တိုက်ကြဲချခဲ့ခြင်းဖြစ်သည်။

နတ်ရေကန် တောင်ကြောတစ်ဝိုက်နှင့် လှိုင်ကျေးရွာဘက်တွင် စစ်ကော်မရှင်၏ တပ်မ (၉၉) မှ လက်ကျန်တပ်ဖွဲ့ဝင် ၃၀၀ ခန့် တပ်ဖြန့်ထားရှိပြီး AA တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း နတ်ရေကန်ရှိ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၆၀ နီးပါး သေဆုံးပြီး စကခ ၁၇ လက်အောက်ခံ တပ်ရင်း ၄ ခုထက်မနည်းမှ တပ်ဖွဲ့ဝင် ၄၀ ကျော်ကိုလည်း ပျောက်ဆုံးစာရင်းသွင်းထားရကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။

နတ်ရေကန်ဗျူဟာစခန်းကို စစ်ကော်မရှင်က အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅ မှနေ၍ စစ်သုံးကားကြီးများဖြင့် အင်အားဖြည့်တင်းမှုကို နေ့စဉ်နီးပါးပြုလုပ်လျက်ရှိသည့်အပြင် အနီးတစ်ဝိုက်ရှိ ကာကင်းစခန်းများကိုလည်း ကင်းထောက်လေယာဉ်နှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ပထမပတ်အတွင်းကလည်း နတ်ရေကန်အနီး စွန်တက်ကျေးရွာဘက်သို့ စကခ ၁၇ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ ၅၇၄၊ ခမရ ၅၆၉၊ ခမရ ၅၇၅၊ ခမရ ၅၇၇၊ ခမရ ၅၂၀၊ ခလရ ၂၉၅ တပ်ရင်းများက စုပေါင်းကာ စစ်ကြောင်းထိုးလျက်ရှိကြောင်း AA ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)