ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်က ဖမ်းမိခဲ့သည့် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်သားတစ်ဦး၏ ဇနီးသည် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကောင်းမွန်စွာမွေးဖွားပြီး စောင့်ရှောက်ပေးထားကြောင်း သိရသည်။

 

ရဲတပ်သားနှင့်အတူ ဖမ်းမိခဲ့သည့်ဇနီးသည် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၁၇ မိနစ်အချိန်တွင် သားယောက်ျားလေးကို ‌ကောင်းမွန်စွာ စွာမွေးဖွားနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဇီးကုန်းတိုက်ပွဲမှ ဖမ်းမိခဲ့သည့် ရဲတပ်သား၏ ကိုယ်ဝန်ဆောင် အမျိုးသမီးအား ယနေ့ညနေ ၆း၁၇ မိနစ် တွင် ချောချောမွေ့မွေ့ မွေးဖွားပေးနိုင်ခဲ့ပါသည်”ဟု ကန့်ဘလူခရိုင် ပကဖလှုပ်ရှားတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက ၎င်း၏ လူမှုကွန်ရက်တွင် ဖြန့်ဝေထားသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့က ဇီးကုန်းမြို့မရဲစခန်းကို ကန့်ဘလူခရိုင် ပကဖအဖွဲ့က ဦးဆောင်ပြီး ဝင်ရောက်စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ခြောက်ဦးသေဆုံးခဲ့ပြီး ၁၁ ဦးဖမ်းဆီးရမိခဲ့သည်။

 

ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးစဉ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးငယ် ပါဝင်နေ၍ တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါကိုယ်‌ဝန်ဆောင်သည်ကို ကူညီပေးခဲ့သည့်အတွက် ပြည်သူများက အသိအမှတ်ပြုဂုဏ်ယူခဲ့ကြသည်။

 

တိုက်ပွဲဖြစ်ပွားစဉ်က ဖမ်းမိခဲ့သည့် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၁ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။