ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

စစ်ဘက်အရာရှိမှ အရပ်ဘက်သို့ ပြောင်းရွှေ့ခံလိုက်ရသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် (ကကထုတ်) ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနေရာကို စစ်ဘက်လက်ထောက်ဖြစ်သူ ဗိုလ်ချုပ်မိုးမြင့်ဆွေကို အစား ထိုးခန့်အပ်လိုက်ကြောင်း စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်ထံမှ သိရသည်။

ဗိုလ်ချုပ်မိုးမြင့်ဆွေသည် အမှတ်စဉ် (၂၃) အလုပ်သင် ဗိုလ်သင်တန်းကျောင်းဆင်းဖြစ်ကာ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ စစ်ဘက်လက်ထောက်အဖြစ်မှ ယခုအခါတွင် ကကထုတ်အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်းခံရသူဖြစ်‌ပြီး ၎င်း၏စစ်ဘက်လက်ထောက်နေရာတွင် ဗိုလ်မှူးချုပ်တင့်ဇော်ခိုင်ကို အစားထိုး ခန့်အပ်ထားကြောင်း သိရသည်။

“သက်ဆိုင်တဲ့လူကို ထားတာထက် သူယုံကြည်ရတဲ့ သူ့လူတွေကို နေရာချနေတာလို့ပြောရမယ်။ အဆင့် လိုက်လုပ်ရိုးလုပ်စဉ်ဆို စစ်အင်ဂျင်နီယာအရာရှိကြီးတွေပဲ ဖြစ်သင့်တာမျိုးပါ”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ဆင်‌ရေးကွပ်ကဲမှုအထူးအဖွဲ့မှူး(ကစထ-၁)ဒုဗိုလ်ချုပ်ကြီးကိုကိုဦးကို ကစထ-၅ မှူးအဖြစ်ပြောင်းရွှေ့ လိုက်ပြီး ကစထ-၅ မှူး ဒုဗိုလ်ချုပ်ကြီးဇော်မင်းလတ်ကို ကစထ- ၂ မှူးအဖြစ် ပြောင်းလဲခန့်အပ်ကာ ကစထ-၆ မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ကစထ-၁ မှူးအဖြစ် ပြောင်းလဲခန့်အပ် လိုက်ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ကစထ- ၂ မှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် ကစထ-၃ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်တို့နှစ်ဦးကိုမူ အရန်အင်အားသို့ ပို့ဆောင်ထားသော်လည်း ကစထ-၃ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကိုမူ ကြံ့ခိုင်ရေးပါတီသို့ ပြောင်းရွှေ့ထားသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုင်းမှူး ဗိုလ်ချုပ်ကျော်ကိုထိုက်ကို တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်(လကခ)အဖြစ် ခန့်အပ်ခဲ့ပြီး လကခမှ ဒုဗိုလ် ချုပ်ကြီးထိန်ဝင်းကို စစ်ရာထူးခန့်ချုပ် (ကကထူး) အဖြစ် ခန့်အပ်လိုက်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

လစ်လပ်သွားသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လပခတိုင်းမှူးနေရာကို အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ဗိုလ်မှူးချုပ်တင်မင်းလတ်ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။

ထို့အပြင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ)မှ ဗိုလ်ချုပ်မျိုးမင်းထွန်းသည် တပ်မတော် စစ်ဆေးရေးအရာရှိချုပ်နှင့် တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်နေရာတို့ကို ပူးတွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရပြီး ၎င်း၏ ရလခတိုင်းမှူးနေရာကို တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကို ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-cincds(ပုံဟောင်း)