
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ စက်တင်ဘာ ၂၄ ရက်
ကရင်နီဒေသတွင် စစ်ကော်မရှင်က အင်အားအများအပြား အသုံးပြု၍ စစ်ကြောင်းထိုးနေပြီး လက်ရှိတွင်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒီးမော့ဆို-ဖရူဆို-ထားလဲ လမ်းပိုင်းကို ပြည်သူများ အနေဖြင့် အသုံးမပြုကြရန် ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က သတိပေးထုတ်ပြန် ထားသည်။
စစ်ကော်ရှင်ယာဉ်တန်း အစီး ၅၀ မှ ၁၀၀ ကြားသည် လွိုင်ကော်၊ ဒီးမော့ဆိုဘက်မှတစ်ဆင့် ဖရူဆိုဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အဆိုပါလမ်းပိုင်းတစ်လျှောက်တွင် နေစဉ်နှင့် အမျှ ထိတွေ့တိုက်ပွဲများ၊ ဒရုန်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းပိုင်းတွေမှာတော့ ထိတွေ့တိုက်ပွဲတွေ ရှိတယ်ပေါ့နော်။ စစ်ကောင်စီ (စစ်ကော်မရှင်)ဘက်က အထူးသဖြင့် ဖရူဆိုကနေဘောလခဲဘက်ကို စစ်ကြောင်းထွက်ဖို့ ပြင်ဆင် နေတာဖြစ်တဲ့အတွက် ထိတွေ့တိုက်ပွဲတွေကတော့ ဖြစ်နေဆဲဖြစ်တယ်။ အထူးသဖြင့်ဒီလမ်းမကြီးပေါ် မှာပေါ့နော်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်၏စစ်ကြောင်းများတွင် စစ်မှုထမ်းတပ်သားသစ်အများအပြာပါဝင်နေကြောင်းသိရပြီး လက်ရှိတွင် အဆိုပါစစ်ကော်မရှင်ယာဉ်တန်းများသည် ဖရူဆိုဘက်သို့ရောက်ရှိနေကာ ထိုမှတစ်ဆင့် ဘောလခဲဘက်သို့ ဆက်လက်စစ်ကြောင်းထိုးသွားရောက်ရန်ပြင်ဆင်နေကြောင်းသိရသည်။
ထိုကြောင့် ပြည်သူများအနေဖြင့် မလိုလားအပ်သောထိခိုက်မှုများမဖြစ်ပေါ်စေရန် အဆိုပါဒီးမော့ဆို-ဖရူဆို-ထားလဲ လမ်းပိုင်းကို အသုံးမပြုကြရန်၊ အရေးပေါ်ကိစ္စရပ်များတွင် နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့များထံ သတင်းမေးမြန်းပြီးမှသာ သွားလာကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။
စစ်ကော်မရှင်သည် ၎င်းတို့ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲအမီ လက်လွှတ်ထားရသည့် နယ်မြေများကို ပြန်လည်ရရှိရန်အပြင်းအထန်ကြိုးစားနေပြီး ကရင်နီပြည်နယ်တွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို လွိုင်ကော်နှင့် ဘောလခဲမြို့နယ်များတွင် ကျင်းပမည်ဖြစ်ကြောင်းလည်း စစ်ကော်မရှင်က ကြေညာထားသည်။
ဓာတ်ပုံ – အင်တာနက်
ပုံစာ – စစ်ကော်မရှင်ယာဉ်တန်း(ပုံဟောင်း)