ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

 

မြန်မာနိုင်ငံ၊ လေးကေ့ကော်မြို့နယ်နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်တို့ မျက်နှာချင်းဆိုင်နေရာ၌ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကော်မရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ကျရောက်ခဲ့သဖြင့် ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်လိုက်သည်။

 

ယနေ့ စက်တင်ဘာ ၂၄ ရက်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်တစ်လုံးသည် မဲဆောက်မြို့နယ်၊ မယ်တာ့ဝ်ကျေးရွာအနီးရှိ တောအုပ်အတွင်းသို့ ကျရောက်ခဲ့သော်လည်း ထိုင်းပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

” ထိုင်းဖက်ခြမ်းကပြောင်းခင်းထဲကို လက်နက်ကြီး ကျတယ်လို့ကြားရတယ်။ တိတိကျကျတော့ မသိဘူး။ လက်နက်ကြီးအသံတွေကအစုံပဲ အုန်းအုန်းဆိုပြီး နှစ်လုံး သုံးလုံးဆက်တိုက်ကျတာလည်း ရှိတယ်။ တစ်လုံးတည်းအုန်းဆိုပြီးကျတာလည်းရှိတယ်။ အဲ့လိုအလုံးတွေကျရင်မြေကြီးပါတုန်တယ်” ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်သည့် အလွတ်တန်းသတင်းထောက် ကိုသူရိန်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

 

အဆိုပါအခြေအနေများကြောင့် ထိုင်းနိုင်ငံ ရာဇာမနူအထူးတပ်ဖွဲ့၊ နရဲဆွမ်တပ်မဟာနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများသည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် နေထိုင်သည့် ပြည်သူများအား သတိပေးထားပြီး ပိုမိုဂရုစိုက်နေထိုင်ရန် ပြောကြားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြ ထားသည်။

 

“စစ်တပ်(စစ်ကော်မရှင်) ဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတာ လေး ရက်လောက်ရှိပြီ။ လေးကေ့ကော် ရှေ့နားတဝိုက်ကို ပစ်နေတာ၊ တစ်ခါတလေ မီးခိုတွေမြင်ရတယ်။ သောက်ရင်းမြစ် ဘေးမှာ ထိုင်းစစ်သားတွေ ကင်လှည့်နေတာတွေ့ရတယ်။ အရင်ရက်က မတွေ့ရပေမယ့် ဒီမနက်မှာ တွေ့လာရတယ်။ အခု ညနေပိုင်းမှာ ပိုများလာတယ်” ဟု ကိုသူရိန်က ဆက်လက်ပြောကြားသည်။

 

စစ်ကော်မရှင်တပ်က ပစ်ခတ်သောလက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက် ပြီးနောက် ယနေ့ညနေပိုင်းတွင် ထိုင်းစစ်တပ်ကလုံခြုံရေး ပိုမိုတိုးမြှင့်၍ အင်အားဖြည့်တင်းကာ စောင့်ရှောက် မှုများ ပြုလုပ်နေကြောင်းသိရသည်။

 

စစ်ကော်မရှင်တပ်သည် ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် လေးကေ့ကော်သို့ အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းထိုး ချီတက်လာသဖြင့် နှစ်ဖက်တိုက်ပွဲပြင်း ထန်ခဲ့ပြီး စစ်ကော်မရှင်တပ်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများဖြင်ပါ ပစ်ခတ်ခဲ့သည်။

 

ဓာတ်ပုံ-သူရိန်(VJ)
ပုံစာ-ထိုင်းနိုင်ငံဘက်အခြမ်းမှနေ၍ ထိုင်းစစ်သားများကို တွေ့ရစဉ်။