ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

 

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ရာဂါဆာ (Ragasa) သည် တရုတ်နိုင်ငံ၊ မကာအိုမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၅၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေကြောင်း သိရသည်။

 

တိုင်ဖွန်းမုန်တိုင်းရာဂါဆာသည် ယနေ့ စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မြောက်လတ္တီ ကျူ ၂၁ ဒသမ ၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ ၁၁၃ ဒသမ ၂ ဒီကရီတည်ရှိနေရာ ဗဟိုချက် လေဖိအား ၉၃၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၁၅ မိုင်နှုန်းခန့်ဖြစ်ကြောင်း စစ်ကော် မရှင်‌လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်ထားသည်။

မုန်တိုင်းသည် လာမည့် ၂၄ နာရီအတွင်း တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက် နိုင်ပြီးနောက် ၄၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေများကို အပူပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်မည်ဟု မိုး/ဇလ က ခန့်မှန်းထားသည်။

 

မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း နေရာကွက်၍ မိုးကြီးနိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဟု သိရသည်။

 

အဆိုပါ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ ( Ragasa) သည် အင်အားအလွန်ကောင်းသည့်မုန်တိုင်းဖြစ်ပြီး ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဟောင်ကောင်စသည့်ဒေသအတော်များများကို ထိခိုက်စေကြောင်း နိုင်ငံတကာ သတင်းများတွင်ဖော်ပြထားသည်။

 

ဓာတ်ပုံ – မိုး/ဇလ၊ လူမှုကွန်ရက်