
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်ရှိ လာဟီဆင်တောင်ကြားကို စစ်ကြောင်းထိုးတက်လာသည့် စစ်ကော်မရှင်တပ်များ KIA နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး တပ်ဆုတ်ထွက်ပြေးရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂ ၂ ရက်နေ့က ခေါင်လန်ဖူးမြို့နယ်နှင့် ဆော့လော်မြို့နယ်အစပ်ကို စစ်ကော်မရှင်နှင့် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ စစ်ကြောင်းထိုးလာပြီး လာဟီဆင်စခန်းကို ပြန်ရရန် ကြိုးပမ်းလာရာမှ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့ အစု လိုက်အပြုံလိုက် သေဆုံးမှုများရှိကြောင်း သိရသည်။
“ဒီနေ့တော့ ပစ်ခတ်သံတွေမကြားရတော့ဘူး။ မနေ့ကအထိ ဗုံးကြဲလိုက်လက်နက်ကြီးပစ်လိုက်နဲ့ စစ်တပ်ဘက်က ပစ်နေတာ။ ထိုးစစ်ဆင်တယ်ဆိုပေမယ့် ပြန်ဆုတ်နေရလို့ လေယာဉ်ပစ်ကူပါ ပေးနေရတယ်ကြားတယ်။ သေဆုံးလည်းများတယ်”ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့က တပ်ပြန်ဆုတ်လိုက်ရသည့် စခန်းနေရာကို ပူတာအိုဘက်ခြမ်းမှနေ၍ စစ်ကော်မရှင်က စစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်တက်လာရာ မိုင်းများနင်းမိပြီး တပ်ပြန်ဆုတ်ရသည်ဟု သိရသည်။
တပ်ဆုတ်နေစဉ်အတွင်း လာဟီဆင်တောင်ကြားတွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ ပိတ်မိနေသည့်အတွက် စစ်ကော်မရှင်က လေကြောင်းမှဗုံးကြဲပြီး ပစ်ကူပေးခဲ့ကြောင်း သိရသည်။
လာဟီဆင်တောင်ကြောမှတစ်ဆင့် KIA သိမ်းယူထားသည့် စစ်စခန်းများကို စစ်ကော်မရှင်က ပြန်လည်သိမ်းယူလိုနေပြီး လန်ဆယ်အထိပါ ထိုးစစ်ဆင်ရန်လုပ်ဆောင်လာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။
စစ်ကော်မရှင်က စက်တင်ဘာ ၂၂ ရက်နေ့ကလည်း လန်ဆယ်မြို့ကို ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့သည့် အတွက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်ကာ ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့အထိ ခေါင်လန်ဖူးနှင့် ဆော့လော်အစပ်တွင် စစ်ကော်မရှင်ပူးပေါင်းတပ်နှင့် KIA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ-စစ်ကော်မရှင်တပ်သားများ (ပုံဟောင်း)အင်တာနက်