ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ လေးကေ့ကော်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်က လေးကေ့ကော်သို့ စစ်ကြောင်း ၅ ကြောင်းဖြင့် အင်အားအလုံးအရင်းသုံးကာ စစ် ကြောင်းထိုး ချီတက်လာသဖြင့် နှစ်ဖက်တိုက်ပွဲပြင်း ထန်ခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ထိခိုက်သေဆုံးမှုများသဖြင့် နံနက် ၁၀ နာရီဝန်းကျင်ခန့်မှ စတင်၍ လေးကေ့ကော်မြို့သစ်ဘက်သို့ လေကြောင်းမှ ဗုံးဆက်တိုက်ကြဲတိုက်ခိုက်ခဲ့ပြီး မြို့စောင့်တပ်မှ နေ၍လည်း လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“BGF ရဲ့ လမ်းပြကူညီမှုဝင်လာကြတာ။ သူတို့တွေရော စစ်သင်တန်းဆင်း ပစ(စစ်သင်တန်းဆင်း တပ်သားသစ်) လေးတွေရော အကုန်သေတာပဲ။ အပုံလိုက်ပဲ။ အားလုံး ၅၀ လောက်ရှိမယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်တပ်မှ ယနေ့ စက်တင်ဘာ ၂၄ ရက် နံနက်စောပိုင်းတွင်လည်း လက်နက်ကြီးပစ်ကူများဖြင့် ထပ်မံ၍အင်အားဖြည့်ကာ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားနေပြီး ထီးမယ်ဝါးခီ ရွာဘက်ကိုလည်း လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်တပ်က စစ်သင် တန်းဆင်းတပ်သားသစ်များကို အင်အားဖြည့်ကာ လူလှိုင်းလုံးသဖွယ်အသုံးပြု၍ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ၎င်းတို့ကို မူးယစ်ဆေးများကျွေးကာ စေလွှတ်ခြင်းဖြစ်၍ စစ်ကြောင်းပျက်သည်အထိ သေဆုံးမှုများပြားကြောင်း ကော်ဘရာစစ်ကြောင်းမှူး ထံမှ သိရသည်။

“မိဘပြည်သူတွေ ကိုယ့်သားလူငယ်လူရွယ်တွေရှိရင် ပြည်သူ့စစ်ထဲ ပါမသွားစေရန် အထူးဂရုပြု စေချင်ပါတယ်။ အခုတက်လာတဲ့ ပြည်သူ့စစ်တွေ ကြောင်တောင် တောင်တွေ၊ ဆေးကျွေးပြီး ရှေ့ကို လွှတ်တင်တယ်လို့ ယူဆရတယ်။ စိတ်မကောင်စွာနဲ့ ကိုယ့်ဘက်ကကိုင်ထုတ်လိုက်တာ များပါတယ်”ဟု ကော်ဘရာစစ် ကြောင်း ၁ စစ်ကြောင်းမှူး စောကောက ၎င်း၏လူမှုကွန်ရက်တွင် အသိပေးထားသည်။

စစ်ကော်မရှင်တပ်က မြဝတီမြို့ရှိ လေးကေ့ကော်ကို တပ်မ ၂၂၊ ၅၅၊ လက်အောက်ခံတပ်များကို စုစည်းကာ မေတ္တာလင်းမြိုင်မှ လေးကေ့ကော်မြို့သစ်ဘက်သို့ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-ကော်ဘရာစစ်ကြောင်း (ပုံဟောင်း)