နိုင်မင်းလွင်/ဧရာဝတီ
စက်တင်ဘာ ၂၄ ရက်

 

စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ရုရှားနိုင်ငံသမ္မတ ဗလာဒီမီယာ ပူတင်၏ ဖိတ်ကြားချက်အရ ကမ္ဘာ့အနုမြူဖိုရမ် တက်ရောက်ရန် ယနေ့ စက်တင်ဘာ ၂၄ ရက်တွင် ရုရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

 

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်ကို အလုပ်သဘောခရီးစဉ် အဖြစ် တက်ရောက်ရန်အတွက် နေပြည်တော်မှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

 

စစ်ခေါင်းဆောင်သည် အဆိုပါခရီးစဉ်အတွင်း စစ်ကော်မရှင်နှင့် ရုရှားနိုင်ငံအကြား သဘောတူထားသော အနုမြူဓာတ်ပေါင်းဖိုအသေးစား စီမံကိန်းများ ဆက်လက်လုပ်ဆောင်လာနိုင်သော်လည်း ယခုဖိုရမ်သည် နိုင်ငံအများအပြားအတွက် လိုအပ်သည့် စည်းမျဉ်းနှင့် စံနှုန်းများ ဆွေးနွေးသည့် နေရာဖြစ်ပြီး စီမံကိန်းတစ်ခုချင်းစီကို ဆွေးနွေးနိုင်ဖွယ်မရှိကြောင်း အကဲခတ်များက သုံးသပ်သည်။

“ဒီဖိုရမ်ကတော့ နိုင်ငံအများအကြား လိုအပ်တဲ့ စည်းမျဉ်း၊ စံချိန်စံညွှန်း ဆွေးနွေးတာမျိုးနဲ့ ပိုဆိုင်မယ်။ နိုင်ငံတခုချင်း အနုမြူစီမံကိန်းတွေကို ဆွေးနွေးတာမျိုးလို့ မယူဆဘူး” ဟု လေ့လာစောင့်ကြည့်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့အပြင် ပြီးခဲ့သည့်ရက်အတွင်းက သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင်၏ ထားဝယ်-မြိတ်ခရီးစဉ် တွင်လည်း ရုရှားနိုင်ငံနှင့် ပူးပေါင်းလုပ်မည့် ထားဝယ်အထူးစီးပွားရေးဇုန်အကြောင်း ပြောဆိုထားခြင်း မရှိသဖြင့် ထူးခြားလာမည်ဟု မမြင်မိကြောင်း ၎င်းက ဆိုသည်။

 

စစ်ကော်မရှင်ကမူ ယခုခရီးစဥ်အတွင်း စစ်ခေါင်းဆောင်နှင့် ရုရှားသမ္မတ ပူတင်အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး စီးပွားရေး၊ လုံခြုံရေးနှင့် ကဏ္ဍပေါင်းစုံ၌ မဟာဗျူဟာမြောက် ပူးပေါင်းမှုများ ပိုမိုဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

 

“ရွေးကောက်ပွဲ နီးပြီဆိုတော့ ဩဝါဒခံ၊ နောက်ကျလည်း သူအရပ်ဝတ်လဲပြီး ပုံစံတစ်မျိုးနဲ့ သွားရမှာ ဆိုတော့ အစမ်း လေ့ကျင့်တဲ့ သဘာမျိုးပေါ့။ ရုရှားကလည်း ပွဲထုတ်ပေးနေတယ် ပြောရမယ်” ဟု စစ်ရေးစောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အကယ်၍ စစ်ဘက်နှင့် တွေ့ဆုံမည်ဆိုပါက နျူကလီးယားကိစ္စကို ဆွေးနွေးနိုင်သော်လည်း ယခုခရီးစဉ် သည် စစ်ကော်မရှင်ခေါင်းဆောင်အနေဖြင့် နိုင်ငံတကာတွင် လူတောတိုးပြသည့် အနေအထားမျိုးသာ ရှိကြောင်း ဆက်လက်ထောက်ပြသည်။

 

ရုရှားနိုင်ငံသို့ စစ်ခေါင်းဆောင်နှင့်အတူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဦးသန်းဆွေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဦးကိုကိုလွင်၊ မန္တလေးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးရုံးမှ အဆင့်မြင့် အရာရှိကြီးများနှင့် စသည့်တို့ လိုက်ပါသွားကြောင်း သိရသည်။

 

“အကြောင်းအမျိုးမျိုးပြပြီး လူရှိန်အောင် လုပ်ပြနေတဲ့ သဘောပါ၊ ဒီလိုမျိုး အစည်းအဝေးဆိုတာ ညွှန်ချုပ်လောက်သာ တက်တာမျိုး၊ နည်းပညာပိုင်း ဘာတခုမှမသိပဲ သွားထိုင်နေမယ့်ပုံပါ” ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးလှစိုးဝေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ဖန်တီးနိုင်ရန် နည်းပညာ၊ ငွေကြေး၊ အခြေခံအဆောက်အအုံနှင့် လျှပ်စစ်အခက်အခဲ ရှိနေ‌သော်လည်း စစ်ကော်မရှင်က အနုမြူအင်အားကို စမ်းသပ်သုံးချင်နေကြောင်း အကဲခတ်များထံက သိရသည်။

 

ယင်းအပြင် ရုရှားနိုင်ငံမှ လက်နက်ဝယ်ရန် လိုလားနေပြီး ထားဝယ်အထူးစီးပွားရေးဇုန်-SEZ အပြင် သီလဝါနှင့်လည်း ရုရှားအား ဆွဲဆောင်ကာ ငွေသန်းတချို့ ထည့်ဝင်ရန်အတွက် စစ်ကော်မရှင်က ပြောဆိုခဲ့သော်လည်း ရရှိလာခြင်းမရှိကြောင်း နီးစပ်သူထံက သိရသည်။

 

စစ်ခေါင်းဆောင်သည် ယင်းမတိုင်မီကလည်း တရုတ်၊ ရုရှားနိုင်ငံ ခရီးစဉ်များ၌ သမ္မတ ပူတင်နှင့် တွေ့ဆုံခွင့်ရထားပြီး စစ်‌ဘက်ဆိုင်ရာ အကူအညီများ၊ စီးပွားရေး၊ နျူကလီးယား နည်းပညာအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းရန် ဆွေးနွေးထားကြောင်း သိရသည်။

ဓာတ်ပုံ-MOI