ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

 

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ(UN)ရုံးချုပ်တွင် ကျင်းပသည့် ကမ္ဘာ့ ခေါင်းဆောင်များညီလာခံသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တက်ရောက်ခဲ့ပြီး ၎င်းစီးနင်းနေသည့် စက်လှေကားမှာ ရုတ်တရက်ရပ်တန့်သွားကြောင်း နိုင်ငံတကာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

 

သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတကတော်နှင့်အတူ စက်လှေကားစီးနင်းနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် ခြေလျင်တက်လှမ်းခဲ့ရသည်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက စက်လှေကားရပ်တန့်မှုသည် လုံခြုံရေးဆိုင်ရာ ယန္တရားကြောင့် ဖြစ်သည်ဟု ပြောကြားသော်လည်း အိမ်ဖြူတော်ဘက်ကမူ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်နှင့် ရည်ရွယ်ချက်ရှိရှိ ရပ်တန့်မှုဖြစ်ကြောင်း သံသယရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

 

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂညီလာခံမိန့်ခွန်းတွင် “ကျွန်တော်ရတာ ကတော့ လမ်းတစ်ဝက်မှာ စက်လှေကားရပ်သွားတာနဲ့ မိန့်ခွန်းဖတ်ပြတဲ့ (Teleprompter) အလုပ် မလုပ်တာပဲ” ဟု ထည့်သွင်းဝေဖန်ခဲ့သည်။

ပြင်သစ်သမ္မတ အီမက်နျူရယ်မက်ခရွန်သည်လည်း အဆိုပါညီလာခံတက်ရောက်ပြီးအပြန်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ ယာဉ်တန်းလမ်းကြောင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ကြုံတွေ့ခဲ့ရသည်။

 

ပြင်သစ်သမ္မတသည် ကားဖြင့် ဆက်လက်သွား၍မရတော့သဖြင့် လုံခြုံရေးအဖွဲ့များနှင့်အတူ ပြင်သစ် သံရုံးသို့ ခြေလျင်လမ်းလျှောက်ပြန်ခဲ့ရကြောင်း သိရသည်။

 

မက်ခရွန်က ဒေါ်နယ်ထရမ့်ထံ ဖုန်းဆက်၍ “ခင်ဗျားကြောင့် လမ်းပေါ်မှာ ယာဉ်ကြောပိတ်နေလို့ ကျွန်တော် စောင့်နေရတယ်ဆိုတာ ခန့်မှန်းကြည့်ပါဦး” ဟု ရယ်ရယ်မောမောပြောဆိုခဲ့သည်။

 

ပြင်သစ်သမ္မတမက်ခရွန်သည် လုံခြုံရေးအဖွဲ့များနှင့်အတူ ပြင်သစ်သံရုံးသို့ လမ်းလျှောက်ပြန်စဥ် လမ်းတွင်တွေ့ဆုံသူများနှင့် ဓာတ်ပုံရိုက်ကာ စကားပြောဆိုမှုများရှိခဲ့ကြောင်း နိုင်ငံတကာသတင်း များတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – နိုင်ငံတကာမီဒီယာများ