ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်း (ကင်အဲရစ်) က ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် ကျရောက်သည့် သူ၏ မွေးနေ့အမှတ်တရအဖြစ် မြန်မာနိုင်ငံရှိ လွတ်လပ်သောမီဒီယာများကို ထောက်ခံပံ့ပိုးကြောင်း ပြောကြားခဲ့သည်။

 

“ဒီနေ့ ကျွန်တော့်မွေးနေ့မှာ မေမေ (ဒေါ်အောင်ဆန်းစုကြည်) ဆီက သင်ယူခဲ့ရတဲ့ မြန်မာ့ဓလေ့အတိုင်း ကောင်းတဲ့အလုပ်တစ်ခု လုပ်ချင်ပါတယ်” ဟု ကိုထိန်လင်း က ဆိုသည်။

 

ကိုထိန်လင်းက ၎င်းအတွက် ကောင်းမွန်သည့်အလုပ်မှာ လွတ်လပ်သောမီဒီယာများကို ပံ့ပိုးကူညီခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သတင်းထောက်တွေဟာ သတင်းရေးရုံတင် မဟုတ်ပါဘူး။ ဒီမိုကရေစီအတွက် အရှေ့ကနေပြီး တိုက်ပွဲဝင်နေသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ဆက်လက် ရှင်သန်နေစေဖို့ လုပ်ဆောင်တယ်။ အမှန်တရားကို ဖော်ထုတ်ဖို့ ဒုက္ခအန္တရာယ်မျိုးစုံကို တွေ့ကြုံရတယ်” ဟုလည်း ကိုထိန်လင်းက ချီးကျူးဂုဏ်ပြုခဲ့သည်။

 

ထို့ပြင် “ကျွန်တော်တို့ ဝိုင်းပြီး မကူညီရင် သူတို့ရဲ့အသံနဲ့ အမှန်တရားတွေဟာ တိတ်ဆိတ်သွားနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ အမှန်တရားအတွက် အကူ အညီလိုပါတယ်၊ လွတ်လပ်တဲ့မီဒီယာတွေနဲ့ ရပ်တည်ကူညီပါ” ဟု ၎င်းက တိုက်တွန်းခဲ့သည်။

 

ကိုထိန်လင်းသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယသားဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး နောက်ပိုင်း နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးခဲ့သူဖြစ်သည်။

ထို့ပြင် စစ်အုပ်စုက မတရားဖမ်းဆီးထားသော မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်နှင့် အဆက်အသွယ် ရရှိရန် အမြဲကြိုးပမ်းနေသူဖြစ်ကာ မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားမှုများတွင် ပါဝင်နေဆဲ ဖြစ်သည်။

 

“သူတို့ (မီဒီယာသမားများ) ဟာ ကျွန်တော့်ကို မေမေရဲ့ အခြေအနေမှန်တွေ သိရှိစေခဲ့ရုံမက မြန်မာနိုင်ငံအနှံ့က မိသားစုပေါင်းများစွာရဲ့အကြောင်းကိုပါ သိဖို့ရာ အင်မတန်အရေးပါပါတယ်” ဟု ကိုထိန်လင်းက ဆိုထားသည်။

 

ပုံစာ-Kim Aris – Htein Lin ၏ ရုပ်သံဖော်ပြမှုမှ ကူးယူဖော်ပြခြင်းဖြစ်သည်။