(ကလေး)၊ ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန်ဂေါ့ ကားလမ်းပေါ်တွင် တည်ရှိသည့် ကြံသာရွာကို စစ်ကောင်စီတပ်မှ စက်တင်ဘာလ (၂၀) ရက်နေ့တွင် ပြန်လည်ထိန်းချုပ်ထားကြောင်း ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

 

ကလေး-ဂန့်ဂေါ ကားလမ်းပေါ်ရှိ ကြံသာရွာကို ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-KKG နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဧပြီလ တွင် သိမ်းပိုက်ရရှိထားပြီးနောက် ငါးလအကြာတွင် ပြန်လည်လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

 

“ကြံသာရွာကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာ နှစ်လလောက်ရှိပြီ။ အဲရွာက ပျူစောထီးနဲ့ စစ်ကောင်စီတို့ စခန်းထိုင်တဲ့ရွာပါ။ စက်တင်ဘာ ၂၀ ရက်နေ့က ပျူစောထီးတွေ၊ စစ်ကောင်စီတွေ တပ်ဖြန့်ပြီး အင်အား အလုံးရင်းနဲ့ ထိုးစစ်ဆင်လာတယ်။ ဒရုန်းနဲ့လည်း တိုက်ခိုက်လာတဲ့ အခြေအနေမှာ တပ်ဆုတ်လိုက်တာပါ”ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကြံသာရွာကို ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ခဲယမ်းများ၊ တပ်အင်အားများဖြည့်တင်းပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကလေး-ဂန်ဂေါ့ ကားလမ်းမတွင် ဆက်လက်ထိုးစစ်ဆင်နိုင်ကြောင်း သုံးသပ်ကြသည်။

 

“အခုစစ်ကောင်စီတွေ၊ ပျူစောထီးတွေ ကြံသာရွာမှာ စခန်းသေချာပြင်ဆင်တာတွေ့ရတယ်။ လက်နက်ခဲယမ်းတွေ၊ တပ်အင်အားလည်း တခြားပျူရွာကနေ ဖြည့်တင်ထားတယ်။ လောလောဆယ် ထိုးစစ်ဆင်တာတွေမရှိသေးဘူး။ ကလေး-ဂန်ဂေါ့ ကားလမ်းမပေါ်က ရွာတွေကို ပြန် ထိုးစစ်ဆင်လာနိုင်တဲ့သဘောပါ “ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ကလေး-ဂန်ဂေါ့ ကားလမ်းမပေါ်ရှိ ကျေးရွာများတွင် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ထားရသည့် နေရာများကို အပြင်းအထန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။