ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

ရခိုင်ပြည်နယ်၊ မောင်တောအခြေစိုက် Border News Agency (BNA) မှ အမျိုးသမီးသတင်းထောက် မုဒြာကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးသွားသဖြင့် ပြန်လွှတ်ပေးရန် BNA က တောင်းဆို လိုက်သည်။

AA သည် ပြီးခဲ့သည် စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သတင်းထောက် မုဒြာကို မောင်တောမြို့ရှိ နေအိမ်တွင် “မေးစရာရှိသည်” ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း BNA အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်ထံမှ သိရသည်။

“သူ့အဖေ သွားတွေ့တုန်းကတော့ အထက်က ပြောရင် ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ အဲဒီနေ့ကတည်းက ပြောရေး ဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းနေပေမယ့် အခုထိ အဆက်အသွယ်မရ သေးပါဘူး” ဟု BNA အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ထောက်လှမ်းရေးများဖြစ်ပြီး ထောက်လှမ်းရေးရုံးတွင် စစ်ဆေးနေသည်ဟုလည်း သိရသည်။

အဆိုပါအမျိုးသမီးသတင်းထောက်ကို ဖမ်းဆီးခေါ်ဆောင်ခြင်းမှာ မြိုရွာအင်တာဗျူးကိစ္စကြောင့်ဖြစ်ပြီး BNA သည် AA ကို မကောင်းကြောင်းသာ ရေးသားနေသည်ဟု စွပ်စွဲပြောဆိုမှုများရှိခဲ့ကြောင်း ကိုကောင်းမြတ်နိုင်က ပြောကြားသည်။

အမျိုးသမီးသတင်းထောက် မုဒြာနှင့်ပတ်သက်ပြီး နားလည်မှုလွဲမှားနေသည်များရှိပါက သက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့် ရှေ့နောက် အမျှော်အမြင်ရှိစွာဖြင့် အပြုသဘောဆောင် နားလည်ပေးနိုင်လိမ့်မည် ဟု ယုံကြည်ကြောင်းလည်း BNA က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မိသားစုဝင်များ၏ စိုးရိမ်ပူပန်မှုအပေါ် လူသားချင်းစာနာမှုအရလည်းကောင်း၊ နိုင်ငံတကာ ဥပဒေများကို အလေးထား၍လည်းကောင်း ပြန်လည်ပို့ဆောင်ပေးရန် မေတ္တာရပ်ခံကြောင်း BNA က တောင်းဆိုထားသည်။

“သူတို့အိမ် ပြန်ပို့မှာကို စောင့်နေပါတယ်။ သတင်းမီဒီယာကောင်စီနဲ့ တခြားသတင်းမီဒီယာအဖွဲ့တွေ အပါအဝင် လုပ်စရာရှိတာတွေကို လုပ်နေပါတယ်” ဟု ကိုကောင်းမြတ်နိုင်က ဧရာ၀တီတိုင်းမ်ကို ဖြည့်စွက် ပြောကြားသည်။