ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) မှ ရှေ့နေတွေဟာ ဖိလစ်ပိုင်သမ္မတဟောင်း ရော့ဒ ရီဂိုဒူတာတေးကို လူသားမျိုးနွယ်စုပေါ် ကျူးလွန်သော ရာဇဝတ်မှုနဲ့ တရားစွဲဆိုလိုက်ပြီး မူးယစ်ဆေး နှိမ်နင်းမှုစစ်ပွဲအတွင်း လူသတ်မှု ၇၆ မှုမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

သည်ဟိဂ်မြို့ရှိ ICC ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အသက် (၈၀) နှစ်အရွယ် ဒူတာ တေးကို ဇူလိုင်လ ၄ ရက်ကတည်းက စွဲချက်တင်ခဲ့ပေမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှ ကြေညာခဲ့တာ ပါ။

ဒူတာတေးက ဒါဗိုအာမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် ကြား လူသတ်မှု ၁၉ မှုမှာ ပူးပေါင်းပြစ်မှုကျူးလွန်သူအဖြစ် ပါဝင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် မှာ သမ္မတအဖြစ် တာဝန်ယူစဉ် လူသတ်မှု ၁၄ မှုမှာ ပတ်သက်ခဲ့ပြီး မူးယစ်ဆေးသုံးသူတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေအတွင်း လသတ်မှု ၄၃ မှု ကျူးလွန်ခဲ့ကြောင်း ICC ရှေ့နေတွေက စွပ်စွဲထားပါတယ်။

“တိုက်ခိုက်မှုထဲမှာ ထောင်နဲ့ချီတဲ့ သံသယရှိသူတွေကို သတ်ဖြတ်ခံရတာ ပါဝင်ပါတယ်” လို့ ICC ရှေ့နေတွေက ပြောပါတယ်။
မတ်လ ၇ ရက်က ဒူတာတေးအတွက် ဖမ်းဝရမ်းမှာ လူသတ်မှု ၄၃ မှုနဲ့ပတ်သက်တဲ့ လူသားမျိုး နွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုတစ်ခုသာ ပါဝင်ခဲ့ပါတယ်။

သူ့အပေါ် စွပ်စွဲချက်တွေကို ကြားနာဖို့ ဒူတာတေးက ICC မှာ တရားရင်ဆိုင်ဖို့ စီစဉ်ထားချိန်မှာ ICC ရှေ့နေတွေက အခုလို စွဲချက်တင်လိုက်တာပါ။

ဒူတာတေးက စွဲချက်တွေကို ကြားနာဖို့ ကျန်းမာရေး ကောင်း မကောင်း ICC တရားရုံးက နှိုင်း ချိန်တာကြောင့် တရားရုံးချိန်းကို ရွှေ့ဆိုင်းခဲ့ပါတယ်။

သူ့ရဲ့ဖောက်သည်ဟာ ကျန်းမာရေးမကောင်းတာကြောင့် တရားရင်ဆိုင်မှု မလုပ်နိုင်သေးဘူးလို့ ဒူတာတေးရဲ့ရှေ့နေ နီကိုးလတ်ကော့ဖ်မန်းက ပြောပါတယ်။

ဒူတာတေးကို မတ်လ ၁၁ ရက်မှာ မနီလာမြို့တော်၌ ဖမ်းဆီးခဲ့ပြီး Scheveningen အကျဉ်း ထောင်မှာ ထိန်းသိမ်းဖို့ ယင်းညပိုင်းမှာ နယ်သာလန်နိုင်ငံသို့ လေယာဉ်ဖြင့်ပို့ဆောင်ခဲ့ပါတယ်။

ကိုးကား – AFP
Ref; ICC charges Ex-Philippine leader Duterte with 3 counts of crimes against humanity