
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် ဖိလစ်ပိုင် ပင်လယ်ပြင်အနောက်ပိုင်းမှ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ (RAGASA) တို့၏ အရှိန်ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန (မိုး/ဇလ) က ယနေ့ စက်တင်ဘာ ၂၃ ရက် ညနေပိုင်းအထိ ခန့်မှန်းချက်ထုတ်ပြန်လိုက်သည်။
ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး မိုးရွာရန် ရာနှုန်းပြည့်ရှိသည်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲမိုးရွာနိုင်ပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးရွာနိုင်ကြောင်း သိရသည်။
◼️မုန်တိုင်း၏သက်ရောက်မှုများ
မိုး/ဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း သတိပေးထားသည်။
ပင်လယ်ပြင်အခြေအနေအနေဖြင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီး နိုင်ကာ လေတိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်အထိ ရှိနိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်သည်ဟု ဖော်ပြထားသည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လေ တိုက်နှုန်းမှာ တစ်နာရီလျှင် ၂၅ မိုင်မှ ၃၀ မိုင်အထိ ရှိနိုင်ကာ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်သည်ဟု ဆိုသည်။
ဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ရာဂါဆာမုန်တိုင်းသည် အနောက်ဘက်သို့ ရွေ့လျားနေပြီး တောင်တရုတ်ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေကြောင်းလည်း သိရသည်။ ရာဂါဆာသည် စက်တင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးနောက် စက်တင်ဘာ ၂၅ ရက်တွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေဒေသများကို အပူပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်နိုင်သည်ဟုလည်း ခန့်မှန်းထားသည်။
ဓာတ်ပုံ- မိုး/ဇလ၊ ဧရာဝတီတိုင်းမ်