
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
စစ်ကော်မရှင်က ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးသည်ဟုဆိုကာ ရန်ကုန်တိုင်း နှင့် ကရင်နီပြည်နယ်မှ ပြည်သူ ကိုး ဦးကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် ထပ်မံဖမ်းဆီးခဲ့ပြီး ယင်းဥပဒေဖြင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၄ ဦးအထိ ရှိလာခဲ့သည်။
ဖမ်းဆီးခံရသူ ကိုး ဦးတွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့မှ လေး ဦးနှင့် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှ ငါး ဦးတို့ဖြစ်ကာ ယင်းတို့ကို ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က)ဖြင့် ဖမ်းဆီးထား ကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည်။
ရွှေပြည်သာမြို့နယ်မှ ဖမ်းဆီးခံရသူများမှာ ကိုရဲသူရအောင် ၃၆ နှစ်၊ ကိုကျော်ဝဏ္ဏ ၂၅ နှစ်၊ ကိုချစ်ဝင်း ၄၅ နှစ်နှင့် ကိုပြေထွန်း ၃၄ နှစ်တို့ဖြစ်ပြီး၊ ၎င်းတို့အား စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးခဲ့သည်။
လွိုင်ကော်မြို့နယ်မှ ဖမ်းဆီးခံရသူ ငါး ဦးမှာ မောင်ပိုင်ပိုင်စိုး ၁၈ နှစ်၊ မောင်ဟန်ထွန်းအောင် ၁၈ နှစ်၊ မောင်အောင်နိုင်လင်း ၁၇ နှစ်၊ မောင်ဖြိုးပိုင်ဇေအောင် ၁၆ နှစ်နှင့် မောင်ထွန်းနေဦးလှိုင် ၁၄ နှစ်တို့ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။
စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် ၎င်းတို့ရွေးကောက်ပွဲအတွက် ပြဌာန်းထားသည့် ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေသည် ပြည်သူကို ဝေဖန်ကန့်ကွက်ခွင့် တားမြစ်ပိတ်ပင်ထားကာ လက်ရှိအထိ ယင်းဥပဒေဖြင့် ဖမ်းဆီးခံရသူ ပြည်သူ ၁၄ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
ယင်းမတိုင်ခင် ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နေ ပြည်သူ နှစ် ဦးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို ရောက်ရှိနေသည့် စစ်ဘေးရှောင် တစ် ဦးအပါအဝင် ငါး ဦးကိုလည်း ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က)ဖြင့် ဖမ်းဆီးခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးခံရသူ ပြည်သူ ၁၄ ဦးအနက် ရှမ်းပြည်၊ တောင်ကြီးမြို့ကို ရောက်ရှိနေသည့် စစ်ဘေးရှောင် ကိုနေသွေးဆိုသူကို ထိုဥပဒေဖြင့် စစ်ကော်မရှင်က ပထမဆုံးအကြိမ် ထောင်ဒဏ် ခုနစ် နှစ် ချမှတ်ထားကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ-စစ်ခေါင်းဆောင်ကို ၂၀၂၄ ဩဂုတ်က နေပြည်တော်တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင်တွေ့ရစဉ်။