ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်အစပ်နားတွင် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများက ပိတ်ဆို့တိုက်ခိုက်ရာ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် အများအပြားသေဆုံးပြီး လက်နက် ၁၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် ပကဖထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် ခင်ဦးမြို့နယ်ရှိ စစ်တပ်စခန်းမှ ရွှေဘို လေ့ကျင့်ရေး (၈) နှင့် ဘုတ်ကုန်း ပျူစောထီးရွာသို့ ချီတက်လာသော စစ်ကြောင်းကို ခင်ဦးမြို့နယ် ပကဖအဖွဲ့၊ တိုက်နယ် ပကဖများ၊ အမှတ် (၂) ရွှေဘိုခရိုင်နှင့် အမှတ် (၃) တပ်ရင်းတို့အပြင် ခင်ဦးမြို့နယ် ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ဒုဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် အရာရှိနှင့် အခြားအဆင့်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲအတွင်း MA-3 လေးလက်၊ MA-1 ငါးလက်၊ BA-63/ G3 တစ်လက်၊ ကာဘိုင် တစ်လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်းတို တစ်လက်၊ MA-5/ ပစ္စတို တစ် လက်၊ MA ကျည်ဘောက် ကိုးခု ၊ BA-63 ကျည်ဘောက် သုံးခု၊ ၊ MA-5/ ပစ္စတို ကျည်ဘောက် တစ်ခု၊ ရှေ့ထွက်မိုင်း လေးလုံး၊ နင်းမိုင်း လုံး၊ 60MM ဗုံးသီး လေးလုံး၊ RPG ဗုံးသီး တစ်လုံး၊ အီနာဂါ နှစ်လုံး၊ ကျည်ကာ ဦးထုပ်ခြောက်လုံး၊ ၅.၅၆ ကျည် ၂၈၆ တောင့်၊ 9mm ကျည် ခုနှစ်တောင့်နှင့် ငွေကျပ် ၅၂သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် စက်တင်ဘာလ ၁၈ ရက်နေ့က ရွှေဘို- လေ့ကျင့်ရေး (၈) နှင့် ဘုတ်ကုန်း (ပျူရွာ)မှ ခင်ဦးမြို့နယ်တွင်းသို့ ဝင်ရောက်လာစဥ် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကိုခံခဲ့ရပြီး ယခုအခါ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

 

ဓာတ်ပုံ-ခင်ဦးပကဖ