ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

 

ထိုင်းနိုင်ငံ၊ မောင်းခရိုင်မှ အသက် ၆၀ အရွယ် အငြိမ်းစားဒတ်ခ်ျလူမျိုး အမျိုးသားတစ်ဦးမှာ ဇနီးဖြစ်သူ နှင့် စကားများရန်ဖြစ်ပြီးနောက် ATM စက်တစ်ခုလုံးကို ခိုးယူလာစဉ် ယနေ့ နံနက် ၂ နာရီဝန်းကျင်တွင် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

 

နယ်သာလန်နိုင်ငံသား ဒတ်ခ်ျအမျိုးသား Sijtse Koovlar ဆိုသူမှာ ငွေကြေးအခက်အခဲကြောင့် ATM စက်မှ ငွေများကိုခိုးယူရန်ကြိုးပမ်းခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ဒတ်ခ်ျအမျိုးသားသည် စီးပွားရေးရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ဇနီးဖြစ်သူထံ ဘတ်ငွေ ၁၀ သန်း ပေးခဲ့သော်လည်း ထပ်မံငွေပေးရန်ပြောဆိုခဲ့သည့်အတွက် စကားများကာ ယခုကဲ့သို့ ATM စက်ကို သွားရောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲတပ်ဖွဲ့သည် Siam Commercial Bank ၏ ဘဏ်ခွဲတစ်ခုမှ ATM စက် ခိုးယူခံရကြောင်း တိုင်ကြားချက်ရရှိပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကာ ကိုယ်ပိုင်ပစ်ကပ်ကားဖြင့် ATM စက်ကို ဆွဲယူသွားသည့် Koovlar ကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

 

ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည့် အမျိုးသားအား မူးယစ်ဆေးသုံးစွဲမှုရှိမရှိ စစ်ဆေးခဲ့ရာ သုံးစွဲထားခြင်း မရှိကြောင်း တွေ့ရှိရသည်။

 

ကိုးကား – The Nation Thailand