နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

 

စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် ပြဌာန်းခဲ့သာ ၂၀၂၂ ခုနှစ် အသင်းအဖွဲ့ဥပဒေဖြင့် တင်းကျပ် ကန့်သတ်ထားသည့် အဖွဲ့အစည်းများကို ရွေးကောက်ပွဲ စောင့်ကြည့်ခိုင်းရန် ပုံဖော်ပြင်ဆင်နေကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း (၁) ကို ပြုလုပ်ရန် ပြင်ဆင်နေပြီး ရွေးကောက်ပွဲစောင့်ကြည့်လိုသော အဖွဲ့အစည်းများအတွက် လျှောက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်ကို စက်တင်ဘာလ တတိယပတ်က ထုတ်ပြန်ခဲ့သည်။

 

အဆိုပါကြေညာချက်တွင် ရွေးကောက်ပွဲစောင့်ကြည့်မည့်အဖွဲ့များသည် ၎င်းတို့ အသိအမှတ်ပြု အသင်းအဖွဲ့မှတ်ပုံတင် ရှိရမည်ဟု ဆိုထားသဖြင့် လွတ်လပ်မှုပိုင်းတွင် မေးခွန်းထုတ်စရာရှိသော အရပ်ဘက် အဖွဲ့အစည်းများဖြင့် စောင့်ကြည့်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ယခင်ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူများက ဆိုသည်။

“သူတို့နဲ့ နီးစပ်ပြီး လွတ်လပ်မှုအပိုင်းမှာ မေးခွန်းထုတ်စရာရှိတဲ့ အရပ်ဘက်အမည်ခံ အဖွဲ့တွေရယ်၊ သူတို့ကို ထောက်ခံအားပေးနေတဲ့ နိုင်ငံတချို့က စောင့်ကြည့်သူတွေကို ‌ဖိတ်ခေါ်ပြီး စောင့်ကြည့်မှု ရှိတယ် ဆိုတာမျိုး ပုံဖော်ဖို့ကြိုးစားတာ” ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေတို့ဖြင့် ဖိနှိပ်တင်းကျပ်ထားသည့် အတွက် လွတ်လပ်သော စောင့်ကြည့်မှုမျိုး မြင်ရမည်မဟုတ်ဘဲ အမည်ခံအဖွဲ့များ၏ စောင့်ကြည့်မှုသာ ရှိလာမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ထောက်ပြသည်။

 

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အသင်းအဖွဲ့ ဥပဒေကို ပယ်ဖျက်ကာ ၂၀၂၂ ခုနှစ်တွင် ပြင်ဆင်ပြဌာန်းခဲ့သလို တင်းကျပ်မှုများပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး လုပ်ငန်းများ၌လည်း ကန့်သတ်ထားကြောင်း သိရသည်။

“ခုမှ ဒီအဖွဲ့အစည်းတွေကို ရွေးကောက်ပွဲ စောင့်ကြည့်ခိုင်းမယ်လို့ ဆိုတယ်။ Registered အဖွဲ့အစည်း သိပ်များများစားစား မရှိဘူးလို့ထင်တယ်။ ဝန်ကြီးဌာနကနေ ထောက်ခံချက်တွေ ရဖို့ကလည်း ခက်လှတယ်” ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထိုရွေးကောက်ပွဲ စောင့်ကြည့်လေ့လာလိုသော ပြည်တွင်းအဖွဲ့များအနေဖြင့် ဒီဇင်ဘာ ၅ ရက်ထိ လျှောက်ထားနိုင်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များကို လိုက်နာရမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

 

ယင်းအပြင် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ၂၀ ဖွဲ့ခန့်ကိုလည်း စစ်ကော်မရှင်က ဖိတ်ကြားရန် စီစဉ်နေပြီး ရွေးကောက်ပွဲ ကော်မရှင်နှင့် စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တိုက်ရိုက်ဖိတ်ကြား၍‌ စောင့်ကြည့်‌လေ့လာခွင့် ပြုသွားမည်ဟု သိရသည်။

 

စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ဒီဇိုင်းနှင့် စနစ်အရ အတုဖြစ်ပြီး ၎င်းတို့အလိုကျ အကောင်အထည် ဖော်နေကာ မြို့နယ်အနည်းငယ်၌ပင် နေရာကွက်ကျားလုပ်၍ အမတ်နေရာအများစု ဖြည့်ရန်လုပ်နေ ကြောင်း စောင့်ကြည့်လေ့လာသူတို့က သုံးသပ်သည်။

 

ဓာတ်ပုံ-MOI