ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂ ၂ ရက်
‎‎

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက်မြို့အား အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသမှ ထုတ်ပြန်သည်။
‎‎

စက်တင်ဘာလ (၁၅) ရက်မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု အထုတ်ပြန်ချက်အရ သိရသည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်သော နေရာများကို ထိုးစစ်ဆင်ဝင်ရောက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နသလ) အား တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

စစ်ကော်မရှင်ပူးပေါင်းအဖွဲ့ကို အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနှင့် ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီးကာ ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ် ပကဖများ၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ) အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကြောင်လည်ရွာ စခန်းကုန်းမှ ဗန်းမောက်မြို့သို့ စစ်ကူလာသော ကားတစ်စီးကိုလည်း ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီး ကားအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်များဖြင့် (၁၀) ကြိမ် ဗုံးကြဲ တိုက်ခိုက်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါမြို့သိမ်းတိုက်ပွဲမှ G-3 နှစ်လက်၊ Uzi တစ်လက်၊ AK တစ်လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး ခုနှစ်လုံး ၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG တစ်လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း သုံး လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉ ) ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိပြီး ရန်သူ့ဘက်မှ SNA ဗိုလ် တစ်ဦးအပါအဝင် အလောင်း ခုနှစ်လောင်းအား တော်လှန်ရေးအဖွဲ့များက ရရှိခဲ့သည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးဘက်မှ ရဲဘော် ခြောက် ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်မှ ရန်သူများသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားသည်။


မြို့သိမ်းတိုက်ပွဲအပြီး စစ်ကော်မရှင်က ဗန်းမောက်မြို့ကို လေကြောင်းမှနေ၍ ညသန်းခေါင်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် မြို့အနောက်ဘက်ခြမ်းမှနေ၍ အင်အားစုဖွဲ့နေပြီး ပြန်လည်ထိုးစစ်ဆင်ရန် လုပ်ဆောင်နေကြောင်းလည်း သတင်းရင်းမြစ်များထံမှသိရသည်။