
မီဇိုရမ်၊ ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
မြန်မာ-အိန္ဒိယနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဇိုခေါထာရ်ကျေးရွာတွင် မြန်မာအမျိုးသားတစ်ဦးထံက သေနတ်နှင့် ကျည်ဆံများ ဖမ်းဆီးရမိကြောင်း မြန်မာစစ်ဘေးရှောင် များထံမှ သိရသည်။
သိမ်းဆည်းရမိသည့် လက်နက်မှာ အမေရိကန်ထုတ် 5.56 mm M4AI Carbine ရိုင်ဖယ်သေနတ် တစ်လက် နှင့် ၎င်းကျည်ဘောက်၊ ကျည်ဆံများဖြစ်ကြောင်း သိရသည်။
အာသံရိုင်ဖယ်တပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့က ဇိုခေါထာရ် ကျေးရွာရှိ မြန်မာနိုင်ငံသားများ ငှားရမ်းနေထိုင်သည့်အိမ်ကို ရှာဖွေစစ်ဆေးရာတွင် လက်နက်နှင့် ကျည်ဆံများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“မနေ့ တနင်္ဂနွေနေ့က ရဲတပ်ဖွဲ့တွေက သတင်းအတိကျနဲ့ လာစစ်ဆေးသွားတာပါ။ အဲ့ဒီမှာ အိမ်မှာ ဝှက်ထားတဲ့ လက်နက်၊ ကျည်ဘောက်၊ ကျည်ဆံတွေ သိမ်းဆည်းရမိတယ်။ မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်” ဟု ဇိုခေါသာရ်ကျေးရွာမှ မြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လက်နက်ခဲယမ်းများနှင့်အတူ Robert Vanlalliana ဆိုသူကို ဖမ်းဆီးရပြီး ၎င်းသည် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု ဒေသတွင်း ချင်းမီဒီယာ အချို့တွင် ဖော်ပြထားသော်လည်း CNDF တာဝန်ရှိသူကမူ CNO/CNDF အဖွဲ့ဝင်မဟုတ်ဟု ငြင်းဆိုကာ ဧရာဝတီတိုင်းမ်ကို ပြောဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့ကလည်း အိန္ဒိယ – မြန်မာနယ်စပ် ကျန်ဖိုင်ခရိုင်၊ Saikhumphai ကျေးရွာတွင် G3 သေနတ်တစ်လက်၊ စနိုက်ပါရိုင်ဖယ် တစ်လက်၊ ၆၀မမ စိန်ပြောင်း တစ်လက်၊ ကျည်ဆံနှင့် လက်ပစ်ဗုံး တို့ကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။
အိန္ဒိယနိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi နှင့် စစ်ကော်မရှင်၏ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲမှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးတို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က နယူးဒေလီမြို့၌ တွေ့ဆုံပြီး အိန္ဒိယ-မြန်မာနယ်စပ် လုံခြုံရေးတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ သတင်းဌာနများတွင် ဖော်ပြထားသည်။
ပုံစာ-မီဇိုရမ်တွင် ရိုင်ဖယ်သေနတ်၊ ကျည်ဆံများ အတူဖမ်းဆီူရမိသူကို တွေ့ရစဉ်။