
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
စစ်ကော်မရှင်၏ တရားမဝင်ကျင်းပမည့် ရွေးကောက်ပွဲကို တိုင်းရင်းသားလူမျိုးများကောင်စီ(MEC) နှင့် ဖက်ဒရယ်ယူနစ်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအရ လုံးဝလက်ခံသွားမည်မဟုတ်ကြောင်း ယမန်နေ့ စက်တင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့သည်။
တိုင်းရင်းသားလူမျိုးများကောင်စီ(MEC)အနေဖြင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအား ကောင်းရေး (Bottom up Federalism Approach) ဖက်ဒရယ်ပုံစံဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် သဘောတူညီခဲ့ကြပြီဖြစ်သည့်အတွက် ယခုကျင်းပမည့် ရွေးကောက် ပွဲကို လက်မခံနိုင်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ကဒီစစ်ကော်မရှင်ကလုပ်မယ့် ရွေးကောက်ပွဲကိုလက်မခံနိုင်ဘူး။ ဆန့်ကျင်သွားမယ် ဆိုတာကို ပြောပြီးသားဖြစ်တယ်။ ဒါပေမဲ့ဆန့်ကျင်သွားမယ့် လုပ်ငန်းစဉ်တွေကတော့ ရှိတာပေါ့။ ကျွန်တော်တို့အသေးစိတ်တော့ပြောလို့မရဘူး။ အခုရွေးကောက်ပွဲက တရားမဝင်အတု အယောင် ဖြစ်ကြောင်းကို နိုင်ငံတကာအနေနဲ့ ချိတ်ဆက်ပြောဆိုနေတာရှိပါတယ်။ နိုင်ငံတကာကို သတင်းမျှဝေ နေတာရှိပါတယ်” ဟု ကရင်နီပြည် အတိုင်ပင်ခံကောင်စီဥက္ကဌ ဦးအောင်ဆန်းမြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်သူလူထု၏ ဆန္ဒကိုဆန့်ကျင်သည့် ရွေးကောက်ပွဲကို နိုင်ငံတကာအနေဖြင့်လည်း အသိအမှတ် ပြုခြင်း၊ ပူးပေါင်းခြင်းမပြုလုပ်ရန်နှင့် တော်လှန်ရေးအင်အားစုများ အကောင်အထည်ဖော်နေသည့် ဖက်ဒရယ်လုပ်ငန်းစဉ်များကို နိုင်ငံတကာမှ တရားဝင်အသိအမှတ်ပြု ထောက်ခံကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်သည် ၎င်းတို့ကိုယ်တိုင်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့ ကိုယ်တိုင်ချိုးဖောက်ခဲ့သည့် အတွက် ယခုရွေးကောက်ပွဲသည်လည်း တရားမဝင်ရွေးကောက်ပွဲသာ ဖြစ်ပြီး ရွေးကောက်ပွဲရလဒ်များသည် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် ဖက်ဒရယ် ယူနစ်အဖွဲ့အစည်းများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုကို ရရှိမည်မဟုတ်ကြောင်းလည်း MEC ကပြောဆိုခဲ့သည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကိုဆန့်ကျင်ကွက်ကွက်ကြောင်းကို MEC နှင့် ဖက်ဒရယ်ယူနစ်အဖွဲ့ အစည်းများဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ-အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ တအာင်းပြည်ကောင်စီ(TLC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ်ဖက်ဒရယ် ကောင်စီ(MSFC)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ ( WLB) ၊ လားဟူဒီမိုကရေတစ်အစည်းအရုံး(LDU)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်တော်လှန်ရေး အင်အားစု များ၊ မန္တလေးနိုင်ငံရေး စင်္ကြံဖြစ်မြောက်ရေးအဖွဲ့ (OFMPP) တို့ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်