ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စက်တင်ဘာလဒုတိယပါတ်မှ စတင်ကာ ပြည်သူ့စစ်သင်တန်းတက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ခုနှစ်ယောက်နှုန်းဖြင့် စစ်ကောင်စီက တောင်းခံနေကြောင်း သိရသည်။

ကျေးရွာအုပ်စုအချို့တွင် အသက် ၃၅ နှစ်အထက်အမျိုးသားအချို့ကို ရွေးချယ်ကာ ပြည်သူ့စစ်သင်တန်းတက်ရန် ဖောင်ဖြည့်ခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။

“တစ်လကိုအလှည့်ကျတဲ့ရွာက ခုနှစ်ယောက်စီ သင်တန်းလွှတ်ပေးရမယ်ပြောတယ်။ ဒေသတွင်းမှာပဲ လုံခြုံရေးလုပ်ရမယ်လို့တော့ပြောတယ်”ဟု ဒေသခံတစ်ဦးမှ ​ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အင်္ဂပူမြို့နယ် တောင်စင်း၊ သံပုရာကုန်း၊ ကြက်ပေါင်ကုန်း၊ ကျီးပင်၊ကျောက်တလုံး၊ ပိန္နဲကွင်းကျေးရွာတို့တွင် ပြည်သူ့စစ်သင်တန်းသို့ပို့ရန် လူရွေးချယ်ရန် မြို့နယ်စစ်ကောင်စီမှ ကြိုတင်အကြောင်းကြားထားကြောင်း သိရသည်။

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်သူ့စစ်များဖွဲ့ရန် ဖိအားပေးခိုင်းစေနေခြင်းဖြစ်သည်။