
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ စက်တင်ဘာ ၂၂ ရက်
ချင်းညီနောင်(CB) ထိန်းချုပ်ထားသည့် ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ နှစ်စင်းဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် လူနေအိမ် ခုနစ် လုံးထက်မနည်း ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်သည် ယမန်နေ့ စက်တပ်ဘာ ၂၁ ရက်နေ့ည ၉ နာရီ၊ ၃၀ မိနစ်က စစ်ရေးလှုပ်ရှားခြင်းမရှိဘဲ မင်းတပ်မြို့၊ စံပြရပ်ကွက် နေရာ နှစ်နေရာကို ဂျက်ဖိုက်တာဖြင့် ဗုံးသီး လေးလုံးကြဲချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ညက မိုးကလည်းရွာတယ်။ မိုးရွာထဲမှာပဲ ဗုံးကြဲသွားတာပါ။ မိုးရေထဲမှာ ထွက်ပြေးနေရတယ်။ အခုဗုံးကြဲတဲ့နေရာမှာ လူတွေ ရှိမနေတော့ ထိခိုက်မှု မရှိဘူး။ လူနေအိမ် ငါး လုံးလောက်က လုံးဝပျက်စီးသွားတယ်။ ကျန်တဲ့ နှစ်အိမ်ကလည်း အနည်းငယ် ပျက်စီးသွားတယ်။”ဟု မင်းတပ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မှု စစ်ကော်မရှင်သည် မင်းတပ်မြို့တွင် လေကြောင်း တိုက်ခိုက်များ မကြာခဏ ပြုလုပ်နေသော်လည်း ယခုအခါ လေကြောင်း တိုက်ခိုက်မှုမရှိသည်မှာ တစ်လနီးပါးရှိပြီဖြစ်ကြောင်း သိရသည်။
“မင်းတပ်မှာ လေကြောင်း တိုက်ခိုက်မှုမရှိတာ တစ်လလောက်ရှိပြီ။ ဒါပေမယ့် လေယာဥ်ကတော့ အမြဲပျံဝဲနေပါတယ်။ အရင်ကဆိုရင် တစ်လ နှစ် ကြိမ်၊ သုံး ကြိမ်လောက်က လေကြောင်းတိုက်ခိုက်မှု ပုံမှန်ရှိတယ်”ဟု မင်းတပ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့ ညပိုင်းကလည်း မင်းတပ်မြို့နယ်အစပ် ကန်ပက်လက်မြို့နယ်၊ ခါပန်းကျေးရွာကို ပေါင် ၅၀၀ ဗုံးသီးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကျောင်းဆောင်နှစ်ဆောင် ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ-HKL-Mindat
ပုံစာ- ယမန်နေ့ည မင်းတပ်မြို့၊ စံပြရပ်ကွက်တွင် လေကြောင်း တိုက်ခိုက်မှု ပျက်စီးသွားသည့် နေအိမ်များကို တွေ့ရစဥ်။