
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ၂ ရက်
ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ ( RAGASA) အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးပိုနေမည်ဖြစ်ကြောင်း စစ်ကော်မရှင်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။
လက်ရှိတွင် ရာဂါဆာမုန်တိုင်းသည် ဖိလစ်ပိုင်ပင်လယ်ပြင် အနောက်ဘက်သို့ရွေ့လျားလျက်ရှိပြီး လာမည့် ၁၂ နာရီအတွင်း ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းစွန်းဒေသအနီး ဖြတ်ကျော်နိုင်မည်ဟု ခန့်မှန်းထုတ်ပြန်ထားသည်။
ယင်းအရှိန်ကြောင့် လာမည့်နှစ်ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဖြစ်ပြီး စက်တင်ဘာ ၂ ၂ ရက် ညနေ့ထိခန့်မှန်းချက်တွင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် နေရာကျဲကျဲမိုးကြီးမည်ဟု ခန့်မှန်းထားသည်။
ထို့ပြင်ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်သည်။
ရန်ကုန်တိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး ယင်း ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့လည်း ဖြစ်ပေါ်မည်ဖြစ်သည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်းသိရသည်။
ထို့ပြင်လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိမည်ဖြစ်ကာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်၍ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့် ရှိနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလမှ ယနေ့ညနေထိခန့်မှန်ချက်ထုတ်ပြန်ထားသည်။