
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
ရာဂါစာ (Ragasa) အမည်ရှိ မုန်တိုင်းကြောင့် ထိုင်းလေကြောင်းခရီးစဉ်များ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းလေကြောင်းလိုင်း (Thai Airways) က ခရီးသည်များအား သတိပေးချက်ထုတ်ပြန်လိုက်သည်။
ထိုမုန်တိုင်းသည် စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အကြား ထိုင်းနိုင်ငံ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့ အကြား ပြေးဆွဲသည့် ခရီးစဉ်များကို ထိခိုက်လာစေနိုင်ကြောင်း သိရသည်။
လက်ရှိ ထိုင်ဝမ်နှင့် ဟောင်ကောင်ကို ဖြတ်ကျော်နေသည့် ရာဂါစာမုန်တိုင်းသည် ဘန်ကောက်နှင့် ထိုင်ဝမ်ရှိ Kaohsiung (ကာအိုရှောင်)၊ ဘန်ကောက်နှင့် ဟောင်ကောင်တို့အကြား ပြေးဆွဲသည့် ခရီးစဉ် များကို ထိခိုက်နိုင်သည်ဟု ထိုင်းလေကြောင်းလိုင်းက ဆိုသည်။
စက်တင်ဘာ ၂၂ နှင့် ၂၃ ရက်တွင် ဘန်ကောက်မှ ကာအိုရှောင်သို့ပြေးဆွဲသည့် TG630 နှင့် ကာအိုရှောင်မှ ဘန်ကောက်သို့ပြေးဆွဲသည့် TG631 ၊ စက်တင်ဘာ ၂၃ ရက်တွင် ဘန်ကောက်မှ ဟောင်ကောင်သို့ ပြေးဆွဲသည့် TG602၊ စက်တင်ဘာ ၂၄ ရက်တွင် ဘန်ကောက်မှ ဟောင်ကောင်သို့ပြေးဆွဲသည့် TG600, TG628, TG638 နှင့် ဟောင်ကောင်မှ ဘန်ကောက်သို့ပြေးဆွဲသည့် TG601, TG603, TG629, TG639 တို့ ထိခိုက်နိုင်ကြောင်း ထိုင်းသတင်းဌာန The Thaiger’s post တွင်ဖော်ပြထားသည်။
ခရီးသွားမည့် ခရီးသည်များအနေဖြင့် မထွက်ခွာမီ လေယာဉ်ခရီးစဉ်အခြေအနေကို စစ်ဆေးရန် အကြံပြုထားပြီး အကူအညီလိုအပ်ပါက ၂၄ နာရီဖွင့်လှစ်ထားသည့် ထိုင်းလေကြောင်းလိုင်း ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမိုးလေဝသဌာနက ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ ပြည်နယ် ၄၅ ခု၌ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်လိုက်သည်။
ရာဂါစာမုန်တိုင်းကြောင့် ထိုင်းနိုင်ငံ၏ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဒေသအများစုတွင် မိုးရွာသွန်းပြီး ရေကြီးနိုင်ကာ ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြမ်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက ဆိုထားသည်။
ကိုးကား-The Thaiger’s post
Ref; Thai Airways warns of flight disruptions due to Typhoon Ragasa