နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ စက်တင်ဘာလ ၃ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၁၂) ရပ်ကွက်မှာရှိတဲ့ ရေကြည်ဦးဘုရား၀န်းထဲမှာ မနေ့က စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက လူငယ်နှစ်ဖွဲ့ အုပ်စုလိုက်ရန်ဖြစ်ကြပြီး ဓါးဒဏ်ရာနဲ့ ၂ ဦးကို ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဘုရားအနီးမှာနေထိုင်သူတွေဆီက သိရပါတယ်။
“ရေကြည်ဦးနဂါးရုံဘုရားမှာ ဟိုဘက်အုပ်စုနဲ့ဒီဘက်အုပ်စု ချကြတာ။ ဓါးတွေ၊ တုတ်တွေနဲ့ ပဲ ထိခိုက်ကုန်တာ။ ၈ ဦးလောက်ရှိတယ်။ ဓါးဒဏ်ရာ၂ယောက်ကတော့ ပုသိမ်ဆေးရုံကိုပို့လိုက်တာတွေ့တယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဘုရားမှာ ရေကြည်ဦးရပ်ကွက်လူငယ်အချို့နဲ့ အမှတ်(၁၄) ရပ်ကွက်က လူငယ်တွေစကားများနေတာကြောင့် ဂေါပကအဖွဲ့ကဖြန်​ဖြေပြီးပြန်လွှတ်ရာကနေ အမှတ်(၁၄) ရပ်ကွက်က လူငယ်တွေက လူအင်အားစုပြီး တုတ်၊ဓါးတွေနဲ့ပြန်လာပြီး တိုက်ခိုက်ကြတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“ကျန်တဲ့လူတွေက ဒဏ်ရာတွေက မစိုးရိမ်ရဘူး။ ဓါးထိတာက ရေကြည်ဦးကတစ်ယောက် အမှတ်(၁၄)ရပ်ကွက်က တစ်ယောက်သူတို့ကဆေးရုံမှာ အသက်တော့မသေပါဘူး”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ရန်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်တွေ လက်နက်အပြည့်အစုံနဲ့ ရောက်ရှိလာပြီး ရန်ပွဲမှာပါ၀င်သူတွေကို လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။